---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Showing posts with label အေ့သိကာ့ဖ်. Show all posts
Showing posts with label အေ့သိကာ့ဖ်. Show all posts

Sunday, January 17, 2010

အမျိုးသ္မီးများ၏ အေ့သိကာ့ဖ်ထိုင်ခြင်း

မွတ်စလင်မ်အမျိုးသ္မီးများ၏ အေ့သိကာ့ဖ်ထိုင်တရားအားထုတ်ခြင်းအကြောင်း သိကောင်းစရာ။

အကြင်သူသည် ရာမဇာန်လ၏နောက်ဆုံး ၁၀ ရက်တွင် အေ့သီကာ့ဖ်ထိုင်ခဲ့သော် ထိုသူအား အလ္လာဟ်အရှင်မြတ်သည် ဟာဂ်ျ နှစ်ကြိမ်နှင့် အွမ္မရာဟ်နှစ်ကြိမ်ပြုသည့် အကျိုးစဝါဗ်ပေးမည်ဖြစ်ကြောင်း။ ရာမဇာန်လ၏နောက်ဆုံး ၁၀ ရက်တွင် အေ့သီကာ့ဖ်ထိုင်ခြင်းသည် စွန္နသ်သေကီဖာယာဟ်ဖြစ်သည်။

** လမ်းညွန် **

ရာမဇာန်လ ၂၀ ရက်နေ့ နေမဝင်မီအလျင် အေသီကာ့ဖ် နီယာ့သ်ပြုရမည်။ နေဝင်ပြီးမှ နီယာ့သ်ပြုလျှင် မတ်စ်နူးန် အေသီကာ့ဖ် မပိုင်ချေ။ အေသီကာ့ဖ်ထိုင်ခွင့်ရှိသူ၏ အရည်အချင်းများကား မွတ်စလင်မ်ဖြစ်ရမည်၊ အသိညဏ်ရှိသူဖြစ်ရမည်။ စွန္နသ် နှင့် ဝါဂျိဗ် အေသီကာ့ဖ်၌ ရိုဇာဟ်နှင့်အတူထိုင်ရမည်။ နမာ့ဇ် ၅ ကြိမ် ဝတ်ပြုရမည်။ သံဝါသပြုမှုမှ သန့်ရှင်းပြီးဖြစ်ရမည်။ အိမ်ထောင်ရှင် အမျိုးသ္မီးသည် ခင်ပွန်း၏ခွင့်ပြုချက်ရှိရမည်။ ဓမ္မတာရာသီလာချိန်နှင့် မီးဖွားခါစ အချိန်များတွင် အေသီကာ့ဖ်ထိုင်ခြင်းကိုရှောင်ကြည်ရမည်။ အကယ်၍ အမျိုးသ္မီးများ အေသီကာ့ဖ်ထိုင်နေစဉ် ဓမ္မတာရာသီပေါ်လာလျှင် အေသီကာ့ဖ်မှထွက်လိုက်ရမည်။ တဖန် ၎င်းကိုဖြည့်စွက်ရန် ဝါဂျိဗ်ဖြစ်သည်။

အမျိုးသ္မီးများသည် မိမိတို့အိမ်အတွင်း နမာ့ဇ်ဝတ်ပြုသည့်နေရာတွင် အေသီကာ့ဖ် နီယာ့သ်ပြု၍ထိုင်ရ၏။ အခင်းကြီး အခင်းလေးသွားခြင်းမှအပ အခြားမည်သည့်ကိစ္စအတွက်မျှ ထိုင်နေရာမှ ရွှေ့၍မရပေ။ အိမ်ရှေ့ခန်း သို့မဟုတ် အိမ်အတွင်းရှိအခြားအစိတ်အပိုင်း သို့ပင်မသွားရပေ။

အိမ်ထဲ၌နမာ့ဇ်ဝတ်ပြုရန် သီးသန့်နေရာသတ်မှတ်ထားခြင်းမရှိလျင် အေ့သီကာ့ဖ်မထိုင်မီ နေရာတစ်နေရာကို ရွေးချယ်၍ ထိုင်ရပေမည်။ အေ့သီကာ့ဖ်ထိုင်ရာ၌ ကန့်လန့်ကာထည့်ရန်မထည့်ရန် နှင့်စပ်လျှင်း၍ နှစ်မျိုးစလုံးခွင့်ပြုသည်။ ကန့်လန့်ကာကြောင့် ကြွားဝါမှု၊ ပြစားမှုကိုစိုးရိမ်ရသော် မထည့်ဘဲနေခွင့်ရှိသည်။ အာရုံတည်ငြိမ်နေစေရန် ထည့်ခွင့်ရှိသည်။

ကိုယ်တိုင်ထွက်၍ရေချိုးခွင့်ရှိသည်။ ပြီးလျှင်ပြီးချင်း ပြန်လာရမည်။ အမျိုးသ္မီးသည် အေ့သီကာ့ဖ်ထိုင်နေစဉ်ဧည့်သည်နှင့်တွေ့ရန် အိမ်ရှေ့သို့ထွက်ပြီး စကားစမြည်မပြောရ။ နောက်ဖေး ချက်ပြုတ်ခန်းထဲဝင်၍ ချက်ပြုတ်ခြင်းမပြုရ။ သို့သော်မိမိ အေ့သီကာ့ဖ်ပြုရာမှ ဗာဟီယကိစ္စကိုညွန်ကြားနိုင်သည်။ သားရေးသ္မီးရေးနှင့်ရောင်းဝယ်ရေးကို စသည့်ကိစ္စများကို တိုတိုနှင့်လိုရင်းပြောဆိုခွင့်ရှိ၏။ ဆီလူးခြင်း၊ ဆံပင်ဖီးခြင်း၊ အဝတ်ဟောင်းလဲလှယ်ခြင်း၊ ခြေသည်း၊ လက်သည်းညှပ်ခြင်းများပြုပိုင်သည်။ အစ္စလာမ်နှင့်ဆန့်ကျင်သောစာပေများ ဖတ်ခြင်း၊ နားထောင်ခြင်းများ မပြုအပ်ပေ။ ဤတွင် တီဗီကြည့်ခြင်းလည်းအကျုံးဝင်ရာ ရှောင်ကြည်ရပေမည်။

အကြင်သူသည် ယုံကြည်စွာ စဝါးဗ် (ကုသိုလ်) အကျိုးကို မျှော်ကိုးလျက် အေ့သီကာ့ဖ်ထိုင်လျှင် ထိုသူမှာ မိမိ၏ ယခင် (သေးငယ်သော) အကုသိုလ်များအတွက် လွတ်ငြိမ်းချမ်းသာခွင့်ရပေမည်။ ထို့ပြင် အေ့သီကာ့ဖ်ထိုင်နေသူသည် မကောင်းမှုဒုစရိုက်များမှ အလျဉ်းရှောင်ကြည်၍ တရားအားထုတ်နေသူဖြစ်ရာ အပြင်၌ရှိသောသူများ ပြုကျင့်အားထုတ်သည့် ကောင်းမှုများ၏အကျိုးစဝါဗ်များကိုလည်း ထိုသူရရှိပေမည်။ (ဟာဒီးစ်ဩဝါဒတော်)

အေ့သီကာ့ဖ်ထိုင်သူသည် အေ့သီကာ့ဖ်၌ရှိနေစဉ် စက္ကန့်တိုင်း မိနစ်တိုင်း အတွက် အေဗာဒသ် ပြုနေကြောင်း ရေးမှတ်ခြင်းခံရပေသည်။ ၎င်း၏ အိပ်စက်ခြင်း၊ စားသောက်ခြင်း လှုပ်ရှားခြင်းစသည်များသည်ပင် အာဗာဒသ်၌အပါအဝင်ဖြစ်သည်။

အလ်ဟာဂ်ျ မော်လနာဟာဖိဇ် အဗ်ဒွလ်ကာဒိရ် ဆွာဟိဗ်၏ အေ့သိကာ့ဖ် စာအုပ်မှ အမျိုးသ္မီးများကဏ္ဍကို ကောက်နှုတ်တင်ပြသည်။

မှတ်ချက် : အေ့သိကာ့ဖ်တရားအားထုတ်နေစဉ် နမာ့ဇ် ၅ ကြိမ်ဝတ်ပြုခြင်း၊ သရာဝီဟ်ဆွလာသ် ဝတ်ပြုခြင်း၊ တာဟ်ကျွတ် ဆွလာသ် ဝတ်ပြုခြင်း၊ ကုရ်အာန် ရွတ်ဖတ်နေခြင်း၊ ဇကေလ် စိတ်ခြင်းများနှင့် ပျော်မွေ့နေမည်။ အေ့သိကာ့ဖ်တရားအားထုတ်နေခြင်းသည် ကိုယ်စိတ်နှစ်ဖြာသန့်ရှင်း၍ မိမိအားဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ရိုးရိုးအချိန်များထက် ပိုသတိရနေခြင်းဖြစ်သည်။ အေ့သိကာ့ဖ်အတွင်း မိမိ၏ ရင်တွင်းဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာတရားများကို ပိုခံစားရမည်။

မွတ်စလင်မ်အမျိုးသ္မီးများ အစ္စလာမ်သာသနာ့အကြောင်း အထွေထွေဗဟုသုတများကို ရှာဖွေစည်းပူးရင်း လိုက်နာကျင့်သုံးနိုင်ကြပါစေ။ အာမီးန်။ အစ္စလာမ်သာသနာသည် ယောက်ျား မိန်းမနှစ်ရပ်စလုံးအတွက်ဖြစ်သည်။

မေတ္တာရှေ့ထားလျှက်။