---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Showing posts with label Politic. Show all posts
Showing posts with label Politic. Show all posts

Friday, June 3, 2011

သမိုင်းစာမျက်နှာပေါ်မှ သင်ခန်းစာများ(၁)

အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သော မွတ်စလင်မ်တို့သည် မြေပြင်အရပ်ရပ် တွင်နေထိုင်ကြပြီး လူမျိုးအသီးသီးဖြစ်လျက်လည်းကောင်း၊ ယဉ်ကျေးမှု အသီးသီးဖြစ်လျက် လည်းကောင်း၊ စကားအပြောအဆိုကွဲပြားလျက် လည်းကောင်းရှိလင့်ကစား တစ်ပါးတည်း သော ကိုးကွယ်ရာအရှင်အဖြစ် အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်ကြလေ သည်။ နောက်ဆုံးပေါ်ထွန်းခဲ့သော တမန်တော်မြတ်မုဟမ္မဒ် ၏နောက်လိုက်အဖြစ် လည်းကောင်း၊ မျက်နှာမူရာအရပ် တစ်ခုတည်းကို မျက်နှာမူရာတွင်လည်းကောင်း၊ တစ်စောင်တည်း သော ကျမ်းကို ပြည့်ဝကုံလုံပြီးပြည့်စုံသော ဘ၀လမ်းညွှန်အဖြစ် လိုက်နာရာတွင်လည်းကောင်း၊ ထပ် တူထပ်မျှ ဖြစ်ကြကုန်သည်။

ကိုယ်ကျင့်တရားတွင် အမြတ်ဆုံး၊ ကျင့်စဉ်ကျင့်ရပ်တွင် အစင်ကြယ်ဆုံး၊ လူမှုရေးတာ ၀န်တွင်အပီပြင်ဆုံး၊ လူ့အကျိုးပြုရာတွင်အထက်မြက်ဆုံး အုပ်စုအဖြစ်အတိတ်သမိုင်းက သက် သေခံလျက်ရှိသည်။

ကမ္ဘာ့သမိုင်းမှတ်တိုင်များအနက် အတိအကျမှတ်တိုင်တစ်ခုကို ထောက်ပြရသော်၊ ၁၈၈၂ခုနှစ် အီဂျစ်နိုင်ငံ၏ ““သောက်ဖီးက် သစ္စာဖေါက်မှုအရေး”” ကြောင့် ဗြိတိသျှတို့သည် အစ္စလာမ်သာ သနာဝင်တို့၏ နယ်မြေများအနက် အမာခံဒေသတစ်ခုဖြစ်သော၊ အီဂျစ်နိုင်ငံကို စတင်တိုက် ခိုက် သိမ်း ပိုက်နိုင်ခဲ့သည်။ မွတ်စလင်မ်တို့ဖက်မှ အူရာဘီခေါင်းဆောင်မှုဖြင့် ပြန်လှန်တိုက် ခိုက်ခဲ့သော်လည်း ခေတ်မှီလက်နက်အင်အား မမျှတမှုကြောင့်မွတ်စလင်မ်တို့စစ်ရှုံးပြီး ဗြိတိ သျှတို့သည် နယ်မြေတစ်ခုကို ခြေကုတ် ရခဲ့သည်။

လက်နက်အင်အားကြောင့် တစ်ကြိမ်ထိုးဖေါက်ဝင်ရောက် နိုင်လင့်ကစား မွတ်စလင်မ် တို့သည် နိုးကြားထက်မျက် တက်ကြွသူများ ဖြစ်ကြသည်။ သူတို့အားလုံးထံတွင် လူ့ဘ၀ဖွံ့ဖြိုး တိုးတက်မှု အမျိုးမျိုးကို ပို့ချသော ဘ၀လမ်းညွှန်မှုကျမ်းရှိသည်။ ထိုလမ်းညွှန်ကျမ်းမှာ မည် သည့်အရပ်တွင်ရှိသည့် မွတ်စလင်မ်၊ မည်သည့်အမိဘာသာစကားကိုပင် ပြောပြော၊ မူရင်းအား ဖြင့် အရဗီစာပေနှင့်ရေးသားထားသောကျမ်းကို ဖတ်ရွတ်ရာတွင်၊ နားလည် သဘောပေါက်ရာ တွင်၊လက်တွေ့လိုက်နာကျင့်သုံးရာတွင် အားလုံးသောမွတ်စလင်မ်တို့တွင် တူညီချက် တစ်ရပ် ရှိသည်ကို ဗြိတိသျှတို့က တဖြည်းဖြည်းလေ့လာ တွေ့ရှိရလေသည်။

ထို့ကြောင့် ဗြိတိသျှတို့သည် မွတ်စလင်မ်တို့၏ နယ်မြေတစ်ကွက်ကို အချိန်တော်ကြာ အုပ်စိုးနိုင်ဖို့ရာ အခက်အခဲရှိကြကြောင်း သိမြင်လာလေသည်။ ရရှိပြီးဖြစ်သော နယ်မြေကို ကောင်းစွာအုပ်ချုပ်နိုင်ရေး၊ နောက်ထပ် မွတ်စလင်မ်များ၏ နယ်မြေများကို ဆက်ခါဆက်ခါ သိမ်းပိုက်နိုင်ရေးအတွက် ဗြိတိသျှတို့ အပြင်းအထန် ဆက်လက်လေ့လာ ကြလေတော့သည်။

စစ်ပွဲများအပွဲပွဲနွှဲပြီး အသက်ပေါင်းများစွာ သေဆုံးပြီးမှ အောင်မြင်ခြင်းထက် ရန်သူဖြစ်သူများကပင် အညံ့ခံလက်မြှောက်အရှုံးပေးပြီး ကျွန် တော်တို့မွတ်စလင်မ်များအ တွက် အသင်တို့ဗြိတိသျှများသာ အုပ်ချုပ်စိုးမိုးသူအရှင်သခင်များဖြစ်သည်ဟု မွတ်စလင်မ် တို့၏ လက်တွေ့ဘ၀ကပင် သက် သေခံလာရလောက်အောင် ကြိုးပမ်းဆောင်ရွက်ချက် တစ်ရပ်ကို ပြုလုပ်ခဲ့လေသည်။

သာမန်အားဖြင့်ပြောရလျှင် လိမ်မာပါးနပ်သည်ဟု ဆိုနိုင်သော်လည်း အကြံပက်စက် သော ဗြိတိသျှတို့မှာ အသိဉဏ်ဖြင့် ပရိယာယ်ကိုသုံးစွဲရာတွင် အလွန်ထက်မြက်လေသည်။ တစ်ဖက်သားအပေါ် လိမ်လည်လှည့်ဖြားရာတွင် တစ်ဖက်ရန်သူက အလိမ်ခံရသည်ဟု မထင် သည့်အပြင်ကျေးဇူးရှင်ဟုပင် ထင်မှတ်လာရန် ပြုနိုင်စွမ်းရှိ၏။ ရန်သူသည် မိမိနှင့် နောင်လာ နောက်သားမျိုးဆက်များကိုပင် ယင်းအမွေဆိုးကို မက်မက်မောမောလိုလိုချင်ချင်ဆက်ခံယူ စေကြသည်။

နယ်ချဲ့ဗြိတိသျှတို့သည် ထိပ်တိုက်တွေ့နေရသော မွတ်စလင်မ်အင်အားစု အရေးနှင့် ပတ်သက်၍ ကောင်းစွာလေ့လာဆည်းပူးပြီး ထိုအချိန်ထိုအခါက ဗြိတိသျှအစိုးရ၏ နန်းရင်းဝန် ““ ၀ီလျံအက်(ဒ်)၀ါဒ်ဂလက်စတုံး (၁၈၀၉-၁၈၉၈)သည် မိမိ၏ ပါလီမန်တွင် မွတ်စလင်မ်တို့ အပေါ် ထာဝစဉ်အောင်နိုင်ရေး သုတေသနစာတမ်းတစ်စောင် တင်သွင်းခဲ့သည်။

မစ္စတာ၊ ဂလက်စတုံးသည် ဗြိတိသျှပါလီမန်လွှတ်တော်တွင် မိန့်ခွန်းပြောကြားရင်း ကျမ်းမြတ်ကုရ်အာန်ကို မိမိလက်တွင် ကိုင်လျက်၊-


““ ရဲဘော်တို့ အဲဒီကျမ်းစာအုပ်ဟာ မွတ်စလင်မ်တို့ဘ၀တည် ဆောက်မှုအတွက် ဥပဒေဖြစ်တယ်။ မွတ်စလင်မ်တွေဟာ ဒီကျမ်းကိုသဘောပေါက်ပြီး လက်တွေ့လိုက်နာကျင့် သုံးနေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ဗြိတိသျှများအပါအ၀င် မည်သည့်လူမျိုးမျှ မွတ်စလင်မ် တို့ကို ဖိနှိပ်အုပ်ချုပ်နေနိုင်မှာမဟုတ်။ ၄င်းတို့နယ်မြေများတွင် ပိုင်ပိုင်နိုင်နိုင်အေးချမ်းစွာကြီးစိုး နိုင်ကြမှာမဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ မွတ်စလင်မ်တို့ရဲ့အတွေး အခေါ်အမျှော်အ မြင်၊ လုပ်ရည်ကိုင်ရည်များကို ထက်မြက်မြင့်မားအောင် သွန်သင်ရာမှာ ဘယ်လုပ်ငန်းတာဝန် ၀တ္တတရားနဲ့ ဆောင်ရွက်မှုတွေလုပ်ရင်းဖြင့် ဘ၀တည်ဆောက်ရတယ်လို့ တစ်သွေ မတိမ်း လိုက်နာရန် မွတ်စလင်မ် ယောက်ျားမိန်းမတို့အား ဒီကျမ်းကပြဌာန်းထားတယ်”” “ “ဒီတော့ ဗြိတိသျှအာဏာပိုင်တွေဟာ ရောက်လေရာအရပ်မှာရှိတဲ့ မွတ်စလင်မ်တွေအတွက် အလိမ္မာတ ရားသုံးပြီး အောက်ပါပညာ ရေးမူဝါဒတစ်ခုကို မဖြစ်ဖြစ်အောင် ကြိုးစား အကောင်အထည်ဖေါ် ကြရမယ် ”

ဗြိတိသျှနန်းရင်းဝန် ဂလက်စတုံးက မွတ်စလင်မ်တို့အတွက် ပညာ ရေးမူဝါဒ ပြဌာန်း ချက်မှာ၊-

(၁) အစ္စလာမ်သာသနာသည် မွတ်စလင်မ်အားလုံးကို နေ့စဉ်နှင့်တစ်သက်တာပတ်လုံး အလ္လာဟ်အရှင်မြတ်အား တသသတိရလျက်၊ ၀တ်ပြုလျက်၊ ရှိနေရမည်ဖြစ်သည်။ တစ်ကိုယ် ရည် တစ်ကာယ တရားဘ၀နာ စီးဖြန်းပြီး ဤလောကအလှကို ရွံရှာမုန်းတီးမှုကိုသာ ပြဌာန်း ကြောင်း ကောင်းစွာသဘောပေါက်စေရမည်။ ဤလူ့ဘောင်လောကသည် အကုသိုလ်အတိ ပြီးလျက်ရှိပြီး ကောင်းမှုနှင့်မကောင်းမှုကို နားလည်သည့်ကယ် တင်ရှင်လမ်းပြများကို ရှာဖွေပြီး တပည့်ခံလိုက်နာကြရမည်ဟု သင်ကြားပေးရမည်။

(၂) ကုရ်အာန်သည် အလွန်မြင့်မြတ်သောကျမ်းဖြစ်သည်။ လူတိုင်းနှင့်မဆိုင်။ လူတိုင်းမ လေ့လာရ။ သာမန်လူသားများ လေ့လာပါက လမ်းလွဲသွားမည်။ ကျမ်းမြတ်ကို ဖွင့်ဆိုရန်မှာ ဘာသာရေးပညာရှင် အလင်းရပုဂ်္ဂိုလ်များသာ ဖွင့်ဆိုနိုင်သည်။ ထိုပုဂ်္ဂိုလ်တို့၏ သင်ကြားပြ သမှုကိုသာခံယူရမည်။ သာမန်မွတ်စလင်မ်များအဖို့ အသံထုတ်ရုံသက်သက် နားလည်သ ဘောပေါက်ရန်မလိုပဲ ရွတ်ဖတ်သရဇ္ဈာယ်ရုံဖြင့် လာဘ်လာဘတိုးပွားပြီး လုံလောက်လှပြီဟု သာ သင်ကြားပို့ချပေးရမည်။

ဒီအချက်နှစ်ချက်ကို ပိုင်ပိုင်နိုင်နိုင် မွတ်စလင်မ်များအား ပို့ချပြီး အသားသေနေအောင် ပြုလုပ်နိုင်လျှင် တို့နယ်ချဲ့ဗြိတိသျှတို့အတွက် မွတ်စလင်မ်များကို လက်နက်ဆွဲကိုင် တိုက်ခိုက် နေစရာမလို။ ယှဉ်ပြိုင်ကြိုးစား နေရန်မလိုပဲ သူတို့သည် တို့အဖို့ထာဝရ အလုပ်အကျွေးပြုမည့် တပည့်ကောင်း၊ ကျွန်ကောင်းများအဖြစ် ကမ္ဘာတည်သရွေ့ ရပ်တည်နေကြမည် မှာမြေကြီး လက်ခတ်မလွဲပင် ဖြစ်သည်။

ဤကဲ့သို့ သင်ကြားပေးခြင်းမျိုးမဟုတ်ပဲ အကယ်၍ ကုရ်အာန်လမ်း ညွှန်မှုကို မွတ်စ လင်မ်များ ဖတ်ရွတ်လေ့လာပြီး နားလည်သဘောပေါက်သည် ဆိုသည်နှင့် ဧကန်အမှန် အစ္စလာမ်သည်၊-

(၁) လူမှုဆက်ဆံရေး၊ စီးပွားရေး၊ ကြီးပွားရေးတို့ကို လူ့လောကတစ် ခွင်တွင် တစ် သက်ပတ်လုံး မည်သို့ဆည်းပူးရှာဖွေခံစား၍ ဤသာယာဝပြောသော လောကသစ်ကို တည် ဆောက်ရန်သင်ကြားပေးသည့် လမ်းညွှန်ဖြစ်ကြောင်း သိသွားကြပေမည်။အဲဒီအခါ တို့ဗြိတိသျှ တို့အဖို့ ဒီလောကကြီးတွင် ကြီးပွားချမ်းသာတိုးတက်ဖို့ ရှိတော့မည် မဟုတ်သဖြင့် မွတ်စလင်မ် များအား ကုရ်အာန်ပါ လူမှုဆက်ဆံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ နားလည်သ ဘောပေါက်ခြင်း မရှိစေပဲ အဖတ်သက်သက်(Mere Recitation) ဖြင့် အလွန်မတန်ပြည့်စုံ ပြီဟုသိစေလျက် မြင်သာမြင်မကြင်စေနှင့်၊ ဖတ်သာဖတ်စေ နားလည်ရန် သဘောပေါက်ရန် စိတ်ကူးမပေါ်စေနှင့်။

(၂) အစ္စလာမ်သည် လူတို့နေထိုင်အသက်ရှင်ရာ ရပ်ကွက်နယ် ပယ်၊ တိုင်းပြည် လူ့ဘောင်တစ်ခုလုံးကို မည်သို့မည်ပုံ စီမံကွပ်ကဲအုပ်ချုပ်ရမည်ကို သင်ကြားပေးသောစနစ် ကျင့်စဉ်တစ်ခုဖြစ်သည်ကို လုံးဝအသိ မပေးရ။ ဒီနည်းတွေ ကုရ်အာန်မှာပါလို့ ပါမှန်းမသိစေရ။ ကုသိုလ်ရရေး၊ ဂျန္နသ်ရရေးအတွက် ထပ်တစ်လဲလဲ ရွတ်ဖတ်စေရမည်။ ဒါမှသာ ဒီမြေဒီမိုးရှိရှိ သမျှ၊ တို့ရဲ့ပိုင်နက်ဖြစ်ပြီး မွတ်စလင်မ်တွေဟာ ယင်းပိုင်နက်မှ သစ္စာအရှိဆုံး ကျေးကျွန်များ အဖြစ် သားစဉ်မြေးဆက် ရပ်တည်နေမည်ဖြစ်သည်။

(၃) အစ္စလာမ်သည် လူသားတို့ဘ၀ဖြစ်စဉ်၊ လူသားဘ၀၏ ရည်ရွယ်ချက်၊ လူ့တန်ဖိုး၊ လူ့အရည်အသွေးဖြင့် အပြည့်အ၀ နေထိုင်အသက် ရှင်သန်ရန် လမ်းညွှန်ပြထားသည်ကို လုံးဝပြည့်ဖုံးကားချပြီး သေနေ့မွေးနေ့နှစ်နေ့အတွင်း ဘ၀ကိုအရှုံးပေးလက်မြှောက်ပြီး အညံ့ဆုံး သတ္တ၀ါအဖြစ် မိမိကိုယ်ကို ခံယူထားရုံမျှ အသိပေးပါ။

(၄) အစ္စလာမ်သာသနာတွင် အဆိုအမျိုးမျိုး အတွေးအခေါ်ကင်းမဲ့သော ပုံပြင်ဒဏ္ဍာရီ သိန်းသောင်းဖြင့် သံသယဖြစ်ဖွယ် အသွယ်သွယ်နှင့် အငြင်းပွားစရာများ ပြည့်နှက်လျက် အသေးအဖွဲကွဲလွဲချက်များအပေါ် ငြင်းခုံနေခြင်း၊ ခိုက်ရန်ဖြစ်ပွားနေခြင်း၊ မွတ်စလင်မ်အချင်း ချင်း တစ်ဖက်နှင့်တစ်ဖက် ပုတ်ခတ်ပြောဆိုနေခြင်း၊ အသေသတ်နိုင်သည်အထိ တိုင်ပွဲဝင်ခြင်း သည် သာသနာ့အာဇာနည်ဘွဲ့ရပြီး သာသနာကို ချစ်သည့်သူတိုင်း ပြုကိုပြုရမည့် တာဝန်ဖြစ် သည်ဟု သိနားလည်စေရမည် ဟူသောမိန့်ခွန်းဖြင့် ““ဂလက်စတုံး”” က မိန့်ခွန်းကိုအဆုံး သတ်ခဲ့သည်။

ဤနေရာတွင် ၀ိတိုရိယခေတ် ဗြိတိသျှနန်းရင်းဝန် ““ဂလက်စတုံး””အကြောင်း အနည်း ငယ်ပြောလိုသည်။ သူသည် ဗြိတိသျှသမိုင်းတွင် ကျော်ကြားဆုံး၊ အတော်ဆုံး အစွမ်းဆောင် နိုင်ဆုံး နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။

၁၈၆၈မှ၁၈၉၄ခုနှင့်အတွင်း ဗြိတိသျှနန်းရင်ဝန်အဖြစ် လေးကြိမ်တိုင်တိုင် ရွေးချယ်ခံခဲ့ရသူဖြစ် သည်။

ဦးမြတ်သူ၏ဆောင်းပါး Ref : www.quraninburmese.com
Ref : Islam Yaungche Society (IYS) Group

Thursday, October 14, 2010

အွန်လိုင်းသောင်းကြမ်းသူများအတွက်... ယိုသူမရှက် မြင်သူရှက်

.
လူမျိုးတစ်မျိုးတည်းကို ဗဟိုပြုပြီး ကိုယ့်လူမျိုးသည်မှ အမှန်အကန်ဆုံး အမြင့်မြတ်ဆုံး၊ အကောင်းဆုံးလို့ ထင်မြင်သူ၊ လူမျိုးနွယ်ခြား၊ အယူခြား၊ ဘာသာခြားများအား မလိုတမာ ရန်ရှာ မျက်မုန်းကျိုးတတ်သူ- လူစားမျိုးကို Racist (မဟာလူမျိုးကြီးဝါဒီ)လို့ ခေါ်ပါတယ်။ ဒီ Racist တွေဟာ အခြားလူမျိုးနွယ်-မိမိအယူမှအပ အခြားသူ၏ အယူအဆများ ပျက်စီးရာ ပျက်စီးကြောင်း အမြဲကြံစည်နေတတ်တယ်။ သူတို့ရဲ့ သွေးသားလည်ပတ်မှုထဲမှာ လူမျိုးရေးမုန်တီးမှုတွေ စီဆင်းလည်ပတ်နေလေ့ရှိပါတယ်။ များသောအားဖြင့် အဲ့ဒီလို အခြေခံစိတ် ရှိတဲ့လူတွေဟာ- ပညာသင်သော်လည်း စစ်မှန်တဲ့ပညာကို တတ်မြောက်နိုင်တဲ့အင်အား၊ ကမ္ဘာရပ်ရပ်ကို လျှောက်လည်သော်လည်း မှန် ကန်တဲ့ အမြင်နဲ့ ဗဟုသုတ အသွယ်သွယ်ကို လက်ခံရယူနိုင်တဲ့အင်အား- သတ္တ၀ါတွေကို မေတ္တာထားပါလို့ ကိုယ်တိုင်ရေရွတ်နေသော် လည်း မိမိလူမျိုးမှအပ အခြားသူများကို မေတ္တာထားရမယ့် သတ္တ၀ါတွေလို့ သိမြင်ခံစားနိုင်တဲ့ အင်အားများ ဆုတ်ယုတ်ပျက်စီး နေသူတွေ ဖြစ်ပါတယ်။

နောက်တစ်ခုက- ဒီလို လူမျိုးတွေမှာ အာဏာရှင်စိတ် သို့မဟုတ် ကြီးနိုင်ငယ်ညှင်းစိတ်တွေ ကိန်းဝပ်နေတတ်ပါတယ်။ သူတို့ဟာ မိမိ ဘက်က အနိုင်ရမယ်ထင်ရင် အကြီးအကျယ် မိုက်ဂုဏ်ကို ပြလေ့ရှိပြီး- မျက်နှာထောက်ထား သနားညှာတာစိတ် မရှိ- လူမျိုးငယ်များရဲ့ လူမမယ် ကလေး တွေကိုပါ မျိုးတုံး သတ်ဖြတ်တတ်တဲ့ အကျင့်ထိ ရှိတတ်ပါတယ်။ အဲ့ဒီလို စိတ်နေစိတ်ထား ရှိတဲ့ လူမျိုးထဲက အာဏာ ရလာရင် သူဟာ အင်မတန် ရက်စက်ယုတ်မာတဲ့ အာဏာရှင် Brutal Dictator ဖြစ်လာပါတော့တယ်။

တိုင်းပြည်တစ်ပြည် သို့မဟုတ် နိုင်ငံတစ်ခုမှာ Brutal Dictator တွေ ဆက်တိုက်ပေါ်ပေါက်နေရင် အဲ့ဒီလိုတိုင်းပြည်မျိုးမှာ Flag Waving လို့ ခေါ်တဲ့ မျက်ကန်းမျိုးချစ်ဝါဒီတွေ များလို့လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ သူတို့တွေမှာ xenophobia လို့ခေါ်တဲ့ နိုင်ငံခြားမုန်း ရောဂါမျိုးလည်း စွဲကပ်နေလေ့ရှိတတ်ပါတယ်။ တနည်းအားဖြင့် မိမိ၌ မရှိသွေးကြီး ရောဂါ စွဲကပ်နေခြင်း ဖြစ်ပတယ်။ ဒီလိုတိုင်းပြည် မျိုးမှာ ရှိတဲ့ လူနည်းစု မျိုးနွယ်တွေ၊ လူနည်း သက်ဝင်ယုံကြည်တဲ့ ဘာသာတရား အောက်က လူသားတွေဟာ အင်မတန် ရက်စက် ကြမ်းကြုတ်တဲ့ ပေါ်လစီတွေ၊ လူမျိုးရေး မုန်းတီးမှု ဖန်တီးချက်တွေအောက်မှာ မချိတင်ကဲ ခံစားရလေ့ ရှိပါတယ်။

ဒီလို တိုင်းပြည်မျိုးမှာပဲ- တစ်နိုင်ငံလုံးနဲ့ လူသားအားလုံးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်ကောင်းမျိုးလည်း ပေါ်ထွန်းတတ်ပါတယ်။ အဲ့ဒီ လိုပေါ်ထွန်းလာတဲ့ ခေါင်းဆောင်တွေ သို့မဟုတ် သူတို့ရဲ့ မျက်ကန်းမျိုးချစ် မိရိုးဖလာထဲက ရုန်းထွက်လာတဲ့ လူသားတွေဟာ- အင်မတန် မာကျောတဲ့ ကျောက်တောင်ကျောက်ခဲထုကို ထိုးဖေါက်ထွက်လာရတဲ့ သဘောကြောင့် အရည်အသွေးများ ပိုမို တောက်ပြောင်လေ့ရှိ ပါတယ်။ ဒါပေမယ့် ရေများရေနိုင်- မီးများမီးနိုင်ဆိုတော့- အမှောင်ထုကို ထိုးဖေါက်မယ့် အင်အားက အမှောင်ထုထက် ပိုပြီး ကြီးမားမှ ထိုးဖေါက်နိုင်မှာပါ။

အလွန်တရာ ပွင့်လင်းလာပြီး၊ ကမ္ဘာ့ဒေသ တစ်ခုတစ်ခု ဘာတွေလုပ်နေတယ်။ ဘယ်လိုဆောင်ရွက်နေတယ်- ဆိုတာတွေကို ဖုံးဖိထား လို့ မရနိုင်တော့တဲ့ ဒီခေတ် ဒီကမ္ဘြာ့ကီးမှာတော့ ဒီလိုတိုင်းဒေသက လူတွေဟာ အရှက်ကွဲ အကျိုးနဲလာရပါတော့တယ်။ လူရာမ၀င်- လူမသတီစရာ ဖြစ်လာရပါတော့တယ်။လူ့အသိုင်းအ၀ိုင်း တစ်ခုမှာ လူတစ်ယောက်ဟာ အာဏာကို စွဲကိုင်ထားလို့ အာဏာစက်နဲ့ ရမ်းချင်တိုင်းရမ်း နေတာကို လူထုက မတတ် နိုင်ပေမယ့်- လူထုကိုယ်တိုင်က ဘာအာဏာမှ မရှိဘဲ ကြီးနိုင်ငယ်ညှင်းစိတ်တွေ ရှိနေရင်- အဲ့ဒီ လူ့အသိုင်းအ၀ိုင်း ရွံရှာစရာ အသိုင်း အ၀ိုင်း ဖြစ်တယ်လို့- ကမ္ဘာ့လူယဉ်ကျေးတွေက သတ်မှတ်လာပါတယ်။ "အမိယုတ်တော့ ကြမ်း။ အဖယုတ်တော့ ရမ်း" ဆို တဲ့ မြန်မာ စကားပုံလို လူအသိုင်းအ၀ိုင်းတစ်ခုက လူတွေမှ ကြမ်းတမ်း ရမ်းကား နေသူ များရင် အဲ့ဒီ လူ့အသိုင်းအ၀ိုင်းရဲ့ မျိုးရိုးဂုဏ်သိက္ခာကိုပါ ထိ ခိုက်ရပါတော့တယ်။

ဒီအခြေအနေမှာ- မိမိလူမျိုး-မိမိတိုင်းပြည်ကို အရှက်ကွဲရခြင်းက လွတ်မြောက်လိုသူတိုင်းက ယုတ်မာရမ်းကား နေသူအားလုံးကို ရတဲ့ နည်းနဲ့ ၀ိုင်းဝန်းတော်လှန်ဘို့ လိုပါတယ်။ ယုတ်မာရမ်းကားမှုကို လွှတ်ပေးထားရင် သို့မဟုတ် မသိကျိုးကျွံပြုထားရင် အဲ့ဒီလူဟာ မိမိ တိုင်းပြည် မိမိလူမျိုးအတွက် တာဝန်မကျေ ဖြစ်ရပါမယ်။ မိမိတိုင်းပြည် မိမိလူမျိုးရဲ့ အရှက်သိက္ခာကို မစောင့်ရှောက်သူ- သို့မဟုတ် တစ် ကိုယ်ကောင်းဆန်သူ ဖြစ်ရပါတော့မယ်။ အချို့ကလည်း- တဘက်မှာ လူကြီးလူကောင်းဟန်ဆောင်တယ်။ နောက်တစ်ဘက်မှာ သူ့နှလုံးသားက အမုန်းရောဂါကို မကုသနိုင်ဘူး- ဒီတော့ ဗြောင်မိုက်- ဗြောင်ရမ်းတဲ့ အာဏာရှင်တွေကို မထောက်ခံသလိုနဲ့- အမည်မပေါ်တဲ့နည်းတွေနဲ့ ၀ါဒဖြန့်ချီရေးနည်း စနစ်တွေကို သုံးပြီး မိမိနဲ့ အယူမတူသူတွေ၊ လူမျိုးနွယ် အငယ်တွေ-ဆန့်ကျင်မုန်းတီးရေး စာတွေ ဖြန့်ချီပါတော့တယ်။

တကယ်တော့ အဲ့ဒီလို လုပ်ရပ်မျိုးဟာ စော်ကားခံရသူကို မသင့်ပဲ- ကိုယ့်အမှု ကိုယ့်ပတ် ဖြစ်လာရပါတော့တယ်။ စော်ကားခံရတဲ့ လူမျိုး ဆိုတာ- ခံနိုင်ရည်ရှိအောင်- ခုခံကာကွယ်တတ်အောင် ဘက်ပေါင်းစုံက လေ့ကျင့်သင်ကြားလာပါတော့တယ်။ စော်ကားခံရတဲ့ လူမျိုးတွေ သာ အရည်အချင်းတွေ မြင့်မာလာပြီး- စော်ကားခြင်းအမှုကို ပြုနေသူတွေဟာ သူ့ဒေါသနဲ့သူ မောဟိုက်လာတော့မှာ ဖြစ်တယ်။

အဲ့ဒီလို အမည်မဖေါ်လိုသူ ကုပ်ကမြင်း သတ္တိရှင်တွေဟာ အင်တာနက်တွေမှာ ဆိုလည်း IP ဖွက်ပြီး cbox တွေမှာ ခိုးကြောင်ခိုးဝှက် စာပို့ တာမျိုး- စတဲ့ အမျိုးသိက္ခာမထောက်၊ သူခိုးဇာတိပြတာတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ ဘယ်အရာတွေ- ဘယ်လောက်များ ဖုံးကွယ်ထားလို့ ရလို့လဲ။အခုခေတ်မှာ- အင်တာနက်စာမျက်နှာများက ဘာသာရေးမုန်းတီးမှု။ လူမျိုးရေးမုန်းတီမှုတွေကို ဒီလို ကုပ်ကမြင်းသတ္တိ သို့မဟုတ် သူခိုး သူဝှက် ဗျူဟာတွေနဲ့ ဖြန့်ချီနေတာတွေ ဖေါင်းပွနေပါတယ်။ များသောအားဖြင့်- ဒီလိုအလုပ်မျိုးကို ဇီယွန်ဝါဒီတွေက ကမ္ဘာ့ဘာသာစကား ကြီးတွေနဲ့ ဖြန့်ချီတတ်ပါတယ်။ ဒါတွေကို မျက်ကန်းမျိုးချစ်ဝါဒီတွေ ကြီးစိုးတဲ့ တိုင်းပြည်လေးတွေက- မျက်ကန်းမျိုးချစ် အလေ့ပေါက်တွေ က ခိုးချ- အတုယူပြီး ဆက်လက်ဝါဒဖြန့်ချီခြင်းများကို ထမင်းစား ကျွန်ခံ လိုက်လုပ်ပေးနေတာတွေကို တွေ့ရတော့- မိမိတိုင်းပြည်ရဲ့ သိက္ခာအတွက် အလွန်တရာ မျက်နှာပူစရာ ဖြစ်နေရပါတော့တယ်။

သူတို့ လုပ်တာ ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ သူတို့မုန်းတဲ့ လူမျိုး သူတို့မုန်းတဲ့ ဘာသာဟာလည်း ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ ကမ္ဘာက သိနေတယ်။ စာတတ်သူတိုင်း- အမြင်မှန်ရှိသူတိုင်း သိနေတယ်။ ဒါပေမယ့်- လူတစ်ဘက်သားကို အခြောက်တိုက် မုန်းတတ်တဲ့ အကျင့်- မဟုတ်မတရား ပုတ်ခတ်စော်ကားဝါဒဖြန့်တတ်တဲ့ အကျင့်- တွေ မြန်မာလူမျိုးထဲမှာလည်း ရှိပါကလား ဆိုတဲ့ အဖတ်ဆယ်မရနိုင်တဲ့ သိက္ခကျမှုဒဏ်ကို မြန်မာနိုင်ငံသား အားလုံးခံရပါတော့မယ်။

မိမိတို့သည်ပင် မွဲနေ၏၊ တိုင်းသူပြည်သား အများစု ဆင်းရဲတွင်း နစ်နေ၏။ သို့သော် အချင်းချင်း ချစ်ခင် ကူညီရမည်ကို သတိမရ- ဆက် လက် ရန်လိုနေသော၊ ရန်လိုတတ်သော သူများ နေထိုင်ရာ- မွေးဘွားပေးရာ ဇာတိမြေမှာ မြန်မာနိုင်ငံ ဖြစ်သည်-ဟူသော ဂုဏ်ပုဒ်အား အပြစ်မဲ့ပြည်သူများ၏ နှဖူးတွင် ဆိုင်းဘုတ်ဆွဲပေးရန်- ကြိုးစားအားထုတ်နေသော လူယုတ်မာ ကုပ်ကမြင်း သတ္တိရှင်များ၏ မိုင်းဗုံးစက် ကွင်းထဲမှာ မြန်မာပြည်သားများ အားလုံး လွတ်မြောက်နိုင်ကြပါစေ။


-သြော်- ယိုသူမရှက်၊ မြင်သူရှက်ရပါပကောလား။

Wednesday, March 3, 2010

ပင်လုံစာချုပ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ

ချီးမွမ်းခြင်းအပေါင်းတို့သည်စကြာဝဠာလောကခပ်သိမ်းအားပြုစုပျိုးထောင်တော်မူသော
အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်အတွက်သာဖြစ်တော်မူပါ၏။

ထိုအရှင်မြတ်စေလွှတ်တော်မူသော လူသားအလင်းပြ နဗီတမန် တော်အပေါင်းနှင့်
နောက်ဆုံးတမန်တော်ချုပ်မုဟမ္မဒ်သခင်(ဆွ) အပေါ်သို့ ငြိမ်းချမ်းသာယာမှု
အဖြာဖြာ သက်ရောက်ပါစေ။

ညီနောင်ညီအစ်မအပေါင်းတို့ခင်ဗျား---

အတ်စ္စလာမုအလိုင်းကွန်းမ် ၀ရဟ်မသုလ်လားဟိ ၀ဗရကားသုဟ်

မြန်မာ့လွတ်လပ်ရေးသမိုင်းမှာပါဝင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ပြည်ထောင်စုစိတ်ဓါတ်ကိုဖေါ်ညွှန်းနိုင် ခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့
ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ဆိုပြီး မြန်မာနိုင်ငံမှာဂုဏ်ယူကျင်းပ ခဲ့ကြပါတယ်။

ဒီနေ့ ၁၂-၂-၂၀၁၀ (သောကြာနေ့)ဟာ ပြည်ထောင်စုနေ့ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်မ်တို့ရဲ့အခန်းကဏ္ဍ’’ဆိုတဲ့ ခေါင်းစဉ်ကို တင်ပြလိုပါတယ်။

ရည်ရွယ်ချက်ကတော့ အတိတ်သမိုင်းမှာ မြန်မာမွတ်စလင်မ်တွေရဲ့ တိုင်းပြည်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့မှုကိုဂုဏ်ပြုရင်း ဒီနေ့ မြန်မာမွတ်စလင်မ် မျိုးဆက်တွေအနေနဲ့ ပြည်ထောင်စုစိတ် ဓါတ်ဆိုတဲ့သဘောတရားကို
မှန်ကန်စွာမွေးမြူပြီး လူသားအကျိုးပြုနိုင်ရေးအတွက်ဖြစ်ပါတယ်။

တမန်တော်မြတ်(ဆွ)က မွတ်စလင်မ်တစ်ဦးရဲ့ ယုံကြည်ချက်ရဲ့ အနိမ့်ဆုံးအရည်အသွေးဆိုတာ လမ်းပေါ်မှာရှိနေတဲ့ သူတစ်ပါးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားပေးခြင်းလို့သွန်သင်ထားပါတယ်။ ကုရ်အာန်ကျမ်းမြတ်အရတော့----
မွတ်စလင်မ်တစ်ဦးရဲ့ မြင့်မားတဲ့အရည်အသွေးမှာ အိဟ်စါန်လို့ခေါ်တဲ့ “ကောင်းကျိုးပြုအလှဆင်ခြင်း’’ ပဲဖြစ်ပါတယ်။ မိမိကိုယ်မိမိ
အလှဆင်ဖို့လိုအပ်သလို ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်၊ ဒေသ၊ လူအဖွဲ့အစည်း၊ တိုင်းပြည်၊ ကမ္ဘာဂြိုဟ်နဲ့ စကြ၀ဠာကြီးကို အကျည်းတန်စေတဲ့အရာတွေ ဖယ်ရှားပြီး ကောင်းကျိုးပြုအလှဆင်ဖို့ပဲဖြစ်ပါတယ်။

ဖ.ဆ.ပ.လ ခေါ် အမျိုးသားတပ်ဦး

၁၉၄၁ခုနှစ်၊ သြဂုတ်လဆန်းမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့အခါ အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း က ဖ.ဆ.ပ.လ လို့ခေါ်တဲ့ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည့်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ် - တစ်နည်းပြောရရင် အမျိုးသား တပ်ဦးတစ်ရပ်ကိုဖွဲ့စည်းပြီး အပြီးတိုင်လွတ်လပ်ရေးနဲ့အမျိုးသားညီညွတ် ရေး ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ ဗိုလ်ထွန်းလှ(တက္ကသိုလ် နေ၀င်း)က ဒီကိစ္စနဲ့ပတ်သက်ပြီး ၁၂-၂-၁၈၈၆နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ “ပထမပင်လုံကွန် ဖရင့်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ရာမှာ - ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့အမျိုးသားတပ်ဦးကြီးမှာ မန်းဘခိုင် (ကရင်)၊ ဦးအောင်ဇံဝေ(ရခိုင်)၊ ဆမားဒူးဝါးဆင်ဝါးနောင်(ကချင်)၊ ဦးဝမ္မသူးမောင်(ချင်း)၊ ရှမ်းပြည်နယ်လူထု ခေါင်းဆောင်ဦးတင်အေး၊ လင်းခေးဦးထွန်းမြင့် တို့အပြင် ဗမက လို့ခေါ်တဲ့ ဗမာမွတ်စလင်မ်ကွန်ဂရက်က ဆရာကြီးဦးရာဇတ်၊ ဦးဖေခင်၊ ဦးခင်မောင်လတ်စတဲ့ ခေါင်းဆောင်များကို စည်းရုံးနိုင်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဗမက ခေါ် ဗမာမွတ်စလင်မ်ကွန်ဂရက်

မြန်မာနိုင်ငံဟာ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီးနောက် YMBA လို့ခေါ်တဲ့ ဗုဒ္ဓကလျာဏယုဝအသင်း ပေါ်ပေါက်ခဲ့စဉ်က မြန်မာမွတ်စလင်မ်တွေက BMS လို့ခေါ်တဲ့ ဘားမားမွတ်စလင်မ်စိုစိုင်ယီတီအသင်းထောင်နိုင် ခဲ့ကြပါတယ်။ GCBA ခေါ်
မြန်မာအသင်းချုပ်ကြီး ပေါ်လာတော့ GCBMA လို့ခေါ်တဲ့ မြန်မာမွတ်စလင်မ်အသင်း ချုပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုနဲ့ သခင်တွေဦးစီးတဲ့ ဒို့ဗမာအစည်းအရုံးပေါ်လာပြီး သူ့ကျွန်ဘ၀လွတ်မြောက် ရေးတိုက်ပွဲဝင်လာတော့မြန်မာမွတ်စလင်မ်အချို့က ဒို့ဗမာအစည်းအရုံးကိုဝင်ခဲ့ကြပြီး အချို့ကတော့ဗမာ မွတ်စလင်မ်နိုးကြားရေးအဖွဲ့ကို ထူထောင်ပြီး တိုင်းပြည်ရေး တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဆရာကြီး ဦးရာဇတ်က ဥက္ကဌ၊ ဦးသန်းရွှေက အတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာပြီး စစ်ကြီးပြီး တော့ မန္တလေးကိုရောက်ရှိလာတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇတ်နဲ့ ဗမာမွတ်စလင်မ်နိုးကြားရေး ခေါင်းဆောင်ဟောင်းတွေကိုခေါ်ယူပြီး တစ်တိုင်းပြည်လုံးသွေးစည်းညီညွတ်ရေးလိုအပ်နေကြောင်း၊ ဗမာမွတ်စလင်မ်တွေအနေနဲ့လည်း ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပြော
ဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ရဲ့ အကြံပြုချက်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ဗမာမွတ်စလင်မ်ခေါင်းဆောင်တွေပါဝင်တဲ့ ဗမာမွတ်စလင်မ် ညီလာခံကြီးတစ်ရပ်ကို ၁၀၄၅ခုနှစ်၊ ဒီဇင်ဘာလ(၂၄ ၊ ၂၅ ၊ ၂၆)ရက်များမှာ ပျဉ်းမနားမြို့ မှာ ကျင်းပခဲ့ပြီး ဆရာကြီးဦးရာဇတ် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ဗမက ခေါ်ဗမာမွတ်စလင်မ်ကွန်ဂရက် (Burman Muslim Congress)ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါတယ်။

ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)မှ ပင်လုံစာချုပ်မျိုးစေ့စိုက်ခြင်း

ဗမက ဖွဲ့စည်းပြီး ရက်(၂၀)ကျော်အကြာဖြစ်တဲ့ ၁၉၄၆ခုနှစ်၊ ဇန္န၀ါရီလ (၁၇)ရက်နေ့ကနေ (၂၃)ရက်နေ့ အထိ ရန်ကုန်မြို့ ၊ ရွှေတိဂုံအလယ်ပစ္စယံမှာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရဲ့ ပြည်လုံးကျွတ် ညီလာခံကြီးကို ကျင်းပခဲ့ကြပါတယ်။ အဲဒီညီလာခံကြီးမှာ “ဖဆပလ” က “ဗမက” ကို ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်နဲ့အတူ လူမျိုးရေးအဖွဲ့စာရင်းမှာ တပ်တစ်တပ်အနေနဲ့ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ ၄-၂-၁၉၄၆နေ့ထုတ် ဒီးဒုတ်ဂျာနယ် စာမျက် နှာ(၂၂)မှာ “မြန်မာပြည်၏ကံကြမ္မာကို ဖန်တီးမည့်ပုဂ္ဂိုလ်များ၊
ဖဆပလညီလာခံမှ တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့ဝင်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေါ်ပြခဲ့ရာ
(၁)ဗိုလ်ချုပ်အောင်ဆန်းကဥက္ကဌ
(၂)တစ်သီးပုဂ္ဂလခေါင်း ဆောင်(၁၀)ဦးထဲမှာ ဆရာကြီးဦးရာဇတ်ပါဝင်ခဲ့တယ်။
(၃)ပြီးတော့ နိုင်ငံရေးပါတီများဖြစ်ကြတဲ့ ကွန်မြူနစ်၊ ဆို ရှယ်လစ်နဲ့ မျိုးချစ်တို့က ကိုယ်စားလှယ်သုံးဦးစီပါဝင်ပါတယ်။
(၄)လူမျိုးရေးအဖွဲ့(၃)ဖွဲ့ထဲမှာ ရခိုင်၊ ကရင်နဲ့ ဗမာ မွတ်စလင်မ်တို့ပါဝင်ပြီး ဗမာမွတ်စလင်မ်ကွန်ဂရက်က ကိုယ်စားလှယ်ဦးမောင်စိန်၊ ဦးဖေခင်(နောင်-၀န်ကြီးနဲ့ သံ အမတ်ကြီး)နဲ့ မစ္စတာ လတစ်ဖ်(နောင်-၀န်ကြီး)တို့ ပါဝင်ခဲ့ကြပါတယ်။ ဆရာကြီးဦးရာဇတ်ဟာ
ဗမကရဲ့ ဥက္ကဌ ဖြစ်ပေမယ့် တစ်ဦးပုဂ္ဂလခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

အဲဒီညီလာခံကြီးမှာ လွတ်လပ်ရေးနဲ့ပတ်သက်တဲ့ အဆိုပေါင်း(၁၈)ခုတင်သွင်းဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီအဆိုတွေအနက်
ညီညွတ်ရေးအဆိုကို ဗိုလ်ချုပ်ကိုယ်တိုင်တင်သွင်းခဲ့ပြီး အဆိုအမှတ်(၆)ဖြစ်တဲ့ တိုင်းရင်း သားလူနည်းစုအရေးကို ဒီးဒုတ်ဦးဘချိုက
တင်သွင်းခဲ့ပါတယ်။ ဗမာမွတ်စလင်မ်နဲ့ပတ်သက်တဲ့သဘောထားကို တင်ပြဆွေးနွေးပြီး ထောက်ခံရာမှာ---
• ဗမာမွတ်စလင်မ်တွေဟာ ဗမာနဲ့ခွဲလို့မရတဲ့ မြန်မာတွေဖြစ်ကြောင်း
• ပျဉ်းမနားမှာကျင်းပခဲ့တဲ့ ဗမကညီလာခံကြီးမှာ ဗမာမွတ်စလင်မ်တွေဟာ ဗမာဖြစ်ကြောင်း ကြွေးကြော်ဆုံးဖြတ်ခြင်းကို ဒီ ဖ.ဆ.ပ.လညီလာခံကြီးက အထူးချီးကျူးဝမ်းမြောက်ကြောင်း
• ဗမာမွတ်စလင်မ်တို့ကို တိုင်းရင်းသားလူနည်းစုတို့ရထိုက်တဲ့အခွင့်အရေးတွေ ပေးမယ်ဖြစ်ကြောင်း
• ဗမာမွတ်စလင်မ်တွေကို မြန်မာလူမျိုးတို့အခွင့်အရေးကိုပေးမှာဖြစ်ကြောင်း ဖ.ဆ.ပ.လညီလာခံကြီး က ကြွေးကြော်ကြောင်း
ဖေါ်ပြပါရှိခဲ့ပါတယ်။အကြောင်းအသေးစိတ်ကို ဒီးဒုတ်ဂျာနယ် (၄-၂-၁၉၄၆)၊ စာမျက်နှာ(၃၁-၃၃)မှာ “ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးက
တိုင်းရင်းသားလူနည်းစုပြဿနာကို ရှင်းလိုက်ပြီ’’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

ဗမာမွတ်စလင်မ်တွေ ဂုဏ်ယူဖို့ကောင်းတာက “ဗမက”က အဆိုအမှတ်(၇)တင်သွင်းခဲ့ရာမှာ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်နယ်အပါအ၀င်တောင်တန်းဒေသအားလုံးကို တစ်ပေါင်းတည်းပေါင်းစည်းရေးအဆိုပဲ ဖြစ်ခဲ့ပါတယ်။
တစ်နည်းပြောရရင် ဗမာမွတ်စလင်မ်တွေဟာ ပြည်ထောင်စုစိတ်ဓါတ်(၀ါ)ပင်လုံမျိုးစေ့ကိုသမိုင်းဝင်စိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။

ဒီဂုဏ်ယူဖွယ်ဖြစ်ရပ်ကို ဒီအဆိုကိုတင်သွင်းခဲ့တဲ့ ဦးဖေခင်ကိုယ်တိုင် ရေး သားပြုစုပြီး နိုင်ငံတော်က ထုတ်ဝေခဲ့တဲ့ “ကိုယ်တွေ့ပင်လုံ’’ဆိုတဲ့စာအုပ် (၁၉၉၀)မှာလည်း အသေးစိတ် လေ့လာနိုင်ကြပါတယ်။

မြန်မာမွတ်စလင်မ်တို့သည် မိမိတို့အရေးထက် တိုင်းပြည်လွတ်လပ်ရေးကို ဦးစားပေးခဲ့ကြခြင်း

အခုလို ဗမာမွတ်စလင်မ်ကွန်ဂရက်ကို ဖ.ဆ.ပ.လညီလာခံကြီးက လူမျိုးရေးအဖွဲ့စာရင်းမှာထည့်သွင်း လက်ခံပြီး တိုင်းရင်းသား လူနည်းစု အခွင့်အရေးပေးမယ်၊ မြန်မာတွေရဲ့ လူများစုအခွင့်အရေးကိုလည်း ရမယ် ဆိုတဲ့ သဘောထားဆုံးဖြတ်ချက်ဟာ
ဗမာမွတ်စလင်မ်တွေ အတွက် ထူးခြားချက်ဖြစ်ခဲ့ပါတယ်။ ဗမာမွတ်စလင်မ်တွေဟာ ကရင်လို တိုင်းရင်းသား လူနည်းစု အခွင့်အရေး ယူမလား။ ဗမာနဲ့ရောပြီး ဗမာအဖြစ် လူများစုအခွင့်အရေးလူနည်းစုယူမလားဆိုတဲ့ ကိစ္စဆုံးဖြတ်ဖို့ ဗမကရဲ့
ပြည်လုံးကျွတ်ညီလာခံကြီး ၁၉၄၆ခုနှစ်၊ ဒီဇင်ဘာလမှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် အချို့သော လူမျိုးစုခေါင်းဆောင် တွေက ဗိုလ်ချုပ်ဟာ
ငါတို့ကိုယ်စားလှယ်မဟုတ်ဘူးဆိုပြီး ကန့်ကွက်မှုတွေ ပေါ်ပေါက်လာနေခဲ့ပါတယ်။ဒါကြောင့် ဗမာမွတ်စလင်မ်တွေဟာ ကိုယ့်လူမျိုးစု အရေးထက်တိုင်းပြည်လွတ်လပ်ရေးကိုဦးစားပေးပြီး ဗမာမွတ်စလင်မ်တွေဟာ ဗမာဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်ကို အပြည့်အဝေ ထောက်ခံအားပေးခဲ့ကြပါတယ်။

ဒါကြောင့်လည်း ၁၉၄၇ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာရော၊ ၁၉၄၈ခုနှစ်ခုနှစ် လွတ်လပ် ရေးရတဲ့အခါမှာပါ မွတ်စလင်မ်တွေဟာ ဂုဏ်ပြုခံရပြီး ထိုက်တန်တဲ့အခွင့်အရေးအတွေ အပြည့်အ၀ရခဲ့ကြပါ တယ်။ ၀န်ကြီးတွေ၊ အမတ်တွေ ဖြစ်ခဲ့ကြပြပါတယ်။ ဒါပေမယ့် ကာလကြာပြီး ခေတ်စနစ်တွေတစ်စစပြောင်း လဲလာမှုနဲ့အတူ သမိုင်းတွေမေ့ပြီး ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ ဗမာမွတ်စလင်မ်တွေနဲ့ မသက်ဆိုင်သလို ထင်ခံလာရခြင်းပဲဖြစ်ပါတယ်။

ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုစိတ်ဓါတ်သင်္ကေတ

ပထမပင်လုံညီလာခံကို ၁၉၄၇ခုနှစ်၊ မတ်လ(၁)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဗိုလ် ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့တဲ့အတွက် ဖ.ဆ.ပ.လက ဒု-ဥက္ကဌဦးနု ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည် တောင်ကြီးက ဦးဖေခင် (ဗမာမွတ်စလင်မ်) ကို တက်ရောက်စေခဲ့ပါတယ်။ ဦးဖေခင်ဟာ ဖ.ဆ.ပ.လရဲ့တောင်တန်းဒေသဌာနခွဲ အတွင်းရေးမှူးဖြစ်နေပါပြီ။

ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လန်ဒန်မြို့မှာ ၀န်ကြီးချုပ် အက်တလီနဲ့ မြန်မာ့ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်အပါအ၀င် တောင်တန်းဒေသတွေနဲ့ ပြည်မပူးပေါင်း ရေးအစီအစဉ်ဆွေးနွေးချိန်မှာ ရှမ်းစော်ဘွား နှစ်ဦးအမည်နဲ့ “အောင်ဆန်းဟာ ရှမ်းပြည်ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင်တစ်ဦးသာဖြစ်သည်”
ဆိုတဲ့ ကြေးနန်းစာတစ်စောင် ဗြိတိသျှအစိုးရဆီကို ရောက်လာခဲ့တဲ့အတွက် အနှောင့်အယှက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အဲဒီအခါ ဖ.ဆ.ပ.လအဖွဲ့ချုပ်က ဦးနုက တောင်တန်းဒေသအတွင်းရေးမှူး ဦးဖေခင်ကို ရှမ်းပြည်ကိုအမြန်သွားပြီး ရှမ်းစော်ဘွားတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့စီစဉ်စေခဲ့ပါတယ်။ ဦးဖေခင်ကလည်း ဦးတင်အေး၊ ဦးထွန်းမြင့်အစရှိတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တိုင်ပင်ပြီး
တောင်ကြီးမြို့မှာ လူထုအစည်းအဝေးကြီးတစ်ရပ် ကျင်းပခဲ့ပါတယ်။

အဲဒီလူထုအစည်းအဝေးကြီး ကနေ ရှမ်းပြည်နယ်လွတ်မြောက်ရေးအဖွဲ့ချုပ်က ဗမာပြည်မနဲ့ အတူ ရှမ်းပြည်နယ်ကို လွတ်လပ်ရေး ချက်ခြင်းပေးဖို့နဲ့ လန်ဒန်ရောက်ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့ကိုထောက်ခံကြောင်းအဆိုကို တစ်ခဲနက်ထောက်ခံ အတည်ပြု ခဲ့ကြပါတယ်။ မြို့တွင်းမှာလည်း ကြွေးကြော်ပြီးစီတည်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဗမာမွတ်စ လင်မ်ဦးဖေခင် အနေနဲ့ ဒီလိုရှမ်းပြည်သူလူထုက ဗိုလ်ချုပ်အောင်ဆန်းကို အပြည့်အ၀ထောက်ခံကြောင်းကို ဖ.ဆ.ပ.လအဖွဲ့ချုပ်ကို ကြေးနန်းတစ်စောင်၊
လန်ဒန်ကိုကြေးနန်းတစ်စောင်ပို့နိုင်ခဲ့တဲ့အတွက် မြန်မာလွတ် လပ်ရေးကိုအာမခံချက်ပေးတဲ့ အောင်ဆန်း-အက်တလီစာချုပ်ကို
ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်ဟာ လန်ဒန်ကပြန်ရောက်လာပြီး ရက်အနည်းငယ်အတွင်းမှာ တိုင်းရင်းသားလူမျိုးစု တွေရဲ့ တရားဝင်ဆန္ဒရယူဖို့
ပင်လုံညီလာခံခရီးဆက်ခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၁) ရက်နေ့ညအထိ ကိုယ်စားလှယ်အားလုံး လက်မှတ်ရေးထိုးဖို့မသေချာဘဲ လိပ်ခဲတည်းလည်းဖြစ်နေခဲ့ပြန်ပါ တယ်။ ဗိုလ်ချုပ်လည်းစိတ်ပျက်ပြီးအပါးတော်မြဲ ဗိုလ်ထွန်းလှကို
ရန်ကုန်ပြန်ဖို့လေယာဉ်လက်မှတ်မှာခိုင်းတဲ့ အခြေအနေဆိုက်ရောက်လာပါတော့တယ်။ ဒါပေမယ့် ဦးဖေခင်နဲ့ ဗိုလ်ထွန်းလှ တို့တိုင်ပင်ပြီး လူမျိုးစုခေါင်း ဆောင်တွေကို တစ်ဖက်ကစည်းရုံးရင်း ကျန်တစ်ဖက်ကလည်းဗိုလ်ချုပ်ကိုရန်ကုန်မပြန်ဖို့ ဖြောင်းဖျ ခဲ့ကြပါ တယ်။ ဒါကြောင့် ဗိုလ်ထွန်းလှက ဦးဖေခင်ရဲ့ ကိုယ်တွေ့ ပင်လုံစာအုပ်အမှာစာမှာ ဦးဖေခင်နဲ့ သူတို့နှစ်ဦး ဒီလို မဆောင်ရွက် နိုင ခဲ့ရင် မြန်မာပြည်ရဲ့ ကံကြမ္မာတစ်မျိုးဖြစ်ပြီး နယ်ချဲ့ အကြိုက်ဖြစ်သွားမယ်လို့ ရေးခဲ့ပါ တယ်။

အလားတူ ဦးတင်ဧ(ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သူနဲ့အငြိမ်းစားနိုင်ငံတော်ကောင်စီဝင်)က လည်း သူ့ရဲ့အမှာစာမှာ - ပင်လုံစာချုပ်ကြီး အောင်မြင်စွာချုပ်ဆိုနိုင်ဖို့ ဦးဖေခင်ဟာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်နဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ ချုပ်ကြားမှာ
အောင်သွယ်တော်ကြီးသဖွယ်ဖြစ်ခဲ့တယ်လို့ ဂုဏ်ပြုရေးသားခဲ့ပါ တယ်။ ဒီလိုနဲ့၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ
သမိုင်းဝင်ပင်လုံစာချုပ်ကြီးအောင်မြင်စွာချုပ်ဆို နိုင်ခဲ့ပြီး ဧပြီလမှာ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကြီးကိုလည်း
အောင်မြင်စွာကျင်းပနိုင်ခဲ့ကြ ပါတယ်။

ပြည်ထောင်စုစိတ်ဓါတ်မရှိရင် နိုင်ငံရေရှည်တည်တံ့ခြင်း၊စစ်မှန်တဲ့တိုးတက်ဖွံ့ဖြိုးခြင်းဆိုတာလည်း မရှိ နိုင်ပါဘူး။ ပြည်ထောင်စု စိတ်ဓါတ်ကို ဖျက်ဆီးနိုင်တာဟာ မျက်ကန်းမျိုးချစ်စိတ်ဓါတ်(၀ါ)အစွန်းရောက်တဲ့ လူမျိုးရေးဝါဒပဲဖြစ်ပါတယ်။
မြန်မာမွတ်စလင်မ်များ အနေနဲ့ သမိုင်းကိုသင်ခန်းစာယူပြီး စစ်မှန်တဲ့ပြည်ထောင် စုစိတ်ဓါတ်နဲ့ လောကကြီးကို အလှဆင်ကြဖို့
တိုက်တွန်းအပ်ပါတယ်။

အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

Special thanks to Ko Min Than win

Sunday, December 27, 2009

လူမျိုးခွဲတဲ့ ဇာတ်လမ်းတစ်ပုဒ်

ဒီဖြစ်ရပ်မှန် “လူမျိုးခွဲတဲ့ ဇာတ်လမ်းတစ်ပုဒ်” ဆောင်းပါးတပုဒ် ကျွန်တော်ရေးခဲ့တာ တစ်နှစ်လောက်ကြာပါပြီ။

ဒီဆောင်းပါးမှာ ပွင့်ပွင့်လင်းလင်းဆွေးနွေးမယ်။ တယောက်ယောက်နဲ့ တယောက် မမုန်ကြေး။ အငြိုးအတေးတွေးမထားကြေး။အဲဒီ ဆောင်းပါရဲ့ comment တွေထဲမှာ တစ်ချို့တွေက ဘယ်လို့ရေးခဲ့သလဲ ဆိုတော့ “မြန်မာများ မျိုးချစ်စိတ်ရှိသင့်တယ်။ အမိမြေကို ချစ်သင့်တယ်” လို့ ပြောထားပါတယ်။

ကျွန်တော်၏ အမြင်မှာတော့ မျိုးချစ်စိတ်ရှိတာ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အစွန်းတော့ မရောက်ပါစေနဲ့ သတိပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟစ်တလာ လည်း အင်မတန်မျိုးချစ်စိတ်ရှိတဲ့ ပုဂ္ဂိုလ်ပါပဲ။ သူ့လူမျိုးကို သူချစ်လွန်းလို့ ဂျာမန်လူမျိုးတွေသာ ဤလောကမှာ အကောင်းဆုံး အမြင့်မြတ်ဆုံးလို့ ဆိုပြီး လူမျိုးရေးသန့်စင်တဲ့ အနေနဲ့ သူ့နိုင်ငံက ဂျူးလူမျိုးတွေ သိန်းနဲ့ သန်းချီပြီး အရှင်လတ်လတ်မီးရှို့ သတ်ခဲ့တာပဲ။ “အလယ် အလတ်လမ်းစဉ်သာလျှင် အကောင်းဆုံး”လို့ ဗုဒ္ဓဘုရားဟောကြားခဲ့ပါတယ်။ မျိုးချစ်စိတ်ရှိတာလည်း ရှိတာပေါ့။ အလည်အလတ်လောက်ပဲရှိပါ လို့ပြောချင်တယ်။ တဖက်စွန်းရောက်သွားရင်တော့ အလကားနေရင်း တခြားလူမျိုးတွေကို မုန်းနေပြီး ဟစ်တလာ ဖြစ်သွားလိမ့်မယ်။

နောက် comment တစ်ခုက ဘာပြောသလဲဆိုတော့ သားသမီးတွေ အိမ်ထောင်းရေး အတွက်ဆိုရင် လူမျိုးကွဲတွေကို မယူဖို့၊ လူမျိုးတူ ဘာသာတူကိုသာယူဖို့ သေသေချာချာဆုံးမရမယ်လို့ ရေးထားတယ်။ တစ်ခုမေးချင်တယ်။ တကယ်လို့ သင့်ရဲ့ သမီးကို ကမ္ဘာ့ အချမ်းသာဆုံး Bill Gates ရဲ့ သားတို့၊ ဟောလိဝုဒ်မင်းသား လီယိုနာဒိုတို့၊ အိမ်သာ မစင်အိုးကို ရွှေချတဲ့ အထိ ချမ်းသာတဲ့ ဆော်ဒီနိုင်ငံက အိမ်ရှေ့မင်းသား တို့က နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုးချစ်ပြီးလို့ ဒေါ်လာသန်းနဲ့ချီနဲ့တင်တောင်းပြီး (ဆောရီး FEC သန်းနဲ့ချီပြီး) လက်ထပ်ပါရစေလို့ လာတင်တောင်းတယ်ဆိုပါစို့။ လူမျိုးမတူ၊ ဘာသာမတူလို့ဆိုပြီး မာနာကြီးတခွဲသားနဲ့ သူတို့ရဲ့ ချစ်ခြင်းကိုခွဲလိုက်မှာလား။မလိမ်နဲ့နော်။ မှန်မှန်ဖြေ။

ရိုးရာ ယဉ်ကျေးမှုမွေအနှစ်ကို ထိန်းသိမ်းတာကောင်းပါတယ်။ ဒါပေမယ့် လူမျိုးရေး၊ ဘာသာရေး ခွဲခြားတာကို ရိုးရာအမွေ ထိန်းသိမ်းတယ်လို့ နာမည်ကောင်းမတပ်လိုက်ပါနဲ့။ ဥပမာ - မြန်မာရိုးရာ သီချင်းတွေ၊ တူရိယာကို မြတ်နိုးတာ၊ ဓလေ့ထုံးတမ်းတွေကိုထိန်းသိမ်းတာက ရိုးရာကို ထိန်းတာအစစ်။ ဥပမာ - တဆွေလုံးတမျိုးလုံး ကရင်သူငယ်ချင်းနဲ့ပဲပေါင်းလာတာ။ ရှမ်းဆိုရင် သူငယ်ချင်းအဖြစ်မပေါင်းဘူး။ မတူဘူး မတန်ဘူး။ ဆိုတာမျိုးတွေက လူမျိုးရေးခွဲတာတွေပါ။

လူတယောက်ဟာ မွေးတည်းက ကုလားလူမျိုးဖြစ်ရင်ဖြစ်မယ်။ တရုတ်လူမျိုးဖြစ်မယ် အဲဒါ သူ့အပြစ်မဟုတ်ဘူး။ သူဖန်တီးယူထားတာမဟုတ်ဘူး။ နောက်ပြီး အဲဒီလူဟာ ကံကြမ္မာရဲ့ လှည့်ကွက်ကြောင့် မတော်တဆ မြန်မာမျိုးတယောက်ကို ချစ်မိတယ်ဆိုပါစို့။ အဲဒါကို မိဘတွေက ဒေါကန်တယ်။ ကံတရားကြောင့် ဖြစ်လာတာကို တရားသဘောနဲ့လက်ခံမှာလား။ လူမျိုးကွဲပေမယ့် စိတ်နှလုံးသဘောထားကောင်းတဲ့ လူကို တရုတ်ဖြစ်လို့ ကုလားဖြစ်လို့ဆိုပြီး ဗလာသက်သက်ကြီး မုန်းနေမှာလား ဆိုတာကို စဉ်းစားပါ။ အဲဒီလူကရော တဖက်မိဘတွေ ကျေနပ်အောင်ဘယ်လို့လုပ်ပေးရမှာလဲ။ သူမိဘတွေဆီသူသွားပြီး ခင်ဗျားကြီးက ဘာလို့ ကုလားကြီး/တရုတ်ကြီးဖြစ်နေရတာလဲ လို့ ရန်တွေ့အပြစ်တင်ရမှာလား။

တကယ်လို့ ခင်ဗျားတို့ကိုယ်တိုင်ရော ကုသိုလ်ကောင်းမှုတချို့ကြောင့် နောင်ဘ၀မှာ လူဘ၀တော့ ပြန်ရပါရဲ့ ဒါပေမယ့် အရှေအလယ်ပိုင်းမှာ ကုလားအဖြစ်မွေးလာမယ်။ တရုတ်ပြည်မှာ ပေါက်ဖော်လေးအဖြစ် ပြန်မွေးလာမယ်ဆိုရင်။ အဲဒီအခါမျိုးကျရင် ရလာမယ် ကိုယ်လူ့ဘ၀ အသစ်ကို လက်ခံမှာလား။ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ဗမာ မဟုတ်လို့ဆိုပြီး မုန်းနေမှာလား၊ မြန်မာပြည်မှာ လူပြန်မဖြစ်တဲ့အတွက် စိတ်ဓါတ်ကျ အားငယ်နေမှာလား ဆို ကျေးဇူးပြုပြီးဖြေကြားပေးပါ။

ဒါနဲ့နေပါဦး။ ကျွန်တော်တို့ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ ဗုဒ္ဓ ဂေါတမ မြတ်စွာဘုရားရှင်က ဘာလူမျိုးလဲ။ အထက်အညာမှာမွေးတဲ့ ဗမာလူမျိုးလို့ထင်ရင် မှားလိမ့်မပေါ့။ ပိဋ္ဋိကဒ် ၃ပုံနဲ့ သမိုင်းအထောက်အထားတွေ အရတော့ ဗုဒ္ဓဂေါတမဟာ ယခင်က ကောသလပြည် လို့ခေါ်ပြီး ယခု နီပေါနိုင်ငံလို့ ခေါ်နေကြတဲ့ ကုလားနိုင်ငံက အိမ်ရှေ့မင်းသားဘ၀ကနေ ဘုရားဖြစ်ခဲ့တာပါ။ ( မယုံလျှင် နီးစပ်ရာ ဘုန်းကြီးကျောင်းသို့သွား၍ ကျမ်းဂန်တတ်ပုဂ္ဂိုလ်များကို မေမြန်းကြည့်ပါ။)

မရိုမသေပြောရမယ်ဆိုရင် ဗုဒ္ဓ ဂေါတမ မြတ်စွာဘုရားရှင်ဟာ နီပေါနိုင်ငံက ကုလားလူမျိုး နိုင်ငံခြားသား ဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးချစ်စိတ်ထက်သန်ပါတယ် ဆိုတဲ့ မြန်မာနိုင်ငံသားတွေ ဘာလို့များ နီပေါနိုင်ငံက တိုင်းတပါးသားကို ကိုးကွယ်ပြီး သူဟောခဲ့တရားတော်တွေကို လိုက်နာကျင့်သုံးနေကြပါသလဲ။

အဓိကဆိုလိုချင်တာကတော့ လူမျိုးခြား၊ ဘာသာခြားဆိုတဲ့ ပညတ်ချက်တွေ ဖယ်ရှားပြီး လူသားတဦးနဲ့ တစ်ဦးချစ်ခင်လေးစားကြရင် ကမ္ဘာမြေကြီးပိုမို ငြိမ်းချမ်းနေမှာပါ။

myanmarspac.com မှကူးယူထားခြင်းဖြစ်ပါသည် ။

This post is supported by a Buddish friend.