---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, September 23, 2011

ရင်တွင်းဖြစ် '' အချစ် ''


بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

လူသားတို့တွင် အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးနိုင်ခြင်းသည် အမြင့်ဆုံးသောပန်းတိုင်ဖြစ်သည်။ ထိုကဲ့သို့အမြင့်မြတ်ဆုံးသော အဆင့်ကိုရရှိရန်အတွက် ထိုအဆင့်၏အမြစ်ဖြစ်သောအခြေခံကျသော တမ်းတငိုကြွေးခြင်း တသတဖြစ်ခြင်း နီးစပ်မှုဖြစ်ခြင်း ပျော်ရွှင်ပီတိဖြစ်နေခြင်း စသောအဆင့်များမှတဆင့်တက်ရသည်။ ထိုအခြေခံဖြစ်သောအဆင့်ကိုမရောက်ခင် သောဟ်ဝ်ဗာဝန်ချတောင်းပန်ခြင်း ဆွဗာရ် သည်းခံခြင်းတို့ ရှိခြင်းတို့သည် အထူးအရေးကြီးလှသည်။

သင့် '' ငါ '' အတ္တ (သင်္ခတ) ထွက်ခွါသွားသောအခါ၊ အရှင့် (အသင်္ခတ) ဝင်ရောက်လာပြီး သင်၏ သတိမပြုမိတော့သော သင့်ကိုယ်တွင် အရှင်မြတ်၏ အလှတရားတော်ကို ထုတ်ဖော်ပြသလေသည်။

ကုရ်အာန် ၂ : ၁၅၂ အသင်တို့သည် ငါအရှင်မြတ်ကို အောက်မေ့တသသတိရကြကုန်လော့။ ငါအရှင်မြတ်သည်လည်း အသင်တို့အားသတိရတော်မူအံ့။ ထိုမှတပါး အသင်တို့သည် ငါအရှင်မြတ်၏ ကျေးဇူးတော်ကိုသိကြကုန်လော့။ အသင်တို့သည် ငါအရှင်မြတ်အား ကျေးဇူးမကန်းကြကုန်လင့်။

အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားတော်မူချက်ကို နဗီတမန်တော်မိုဟမ္မဒ် (ဆွ) ကအောက်ပါအတိုင်းတဆင့် ဟောတော်မူသည် : ငါအလ္လာဟ်အရှင်မြတ်သည် ငါအရှင်မြတ်အား အစေတော်နဗီတမန်တော်က ထင်မြင်ယူဆသည့်အတိုင်းပင်ဖြစ်တော်မူ၏။ သူသည်ငါအရှင်မြတ်ကို သတိရလျှင် ငါအရှင်မြတ်သည် သူနှင့်တကွရှိတော်မူ၏။ သူသည်ငါအရှင်မြတ်ကို မိမိစိတ်နှင့်သတိရလျှင် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏စိတ်၌ပင် သူ့ကိုသတိရတော်မူ၏။ သူသည်ငါအရှင်မြတ်ကို ပရိတ်သတ်ရှေ့၌ တသသတိရလျှင် ငါအရှင်မြတ်သည် ထိုပရိတ်သတ်ထက်ကောင်းမြတ်သော ပရိတ်သတ်ရှေ့၌ သူ့ကိုသတိရတော်မူ၏။ သူသည်ငါအရှင်မြတ်ထံ တစ်ထွာချဉ်းကပ်လျှင် ငါအရှင်မြတ်သည်သူ့ထံတတောင်ချဉ်းကပ်တော်မူ၏။ သူသည်ငါအရှင်မြတ်ထံတစ်ထောင်ချဉ်းကပ်လျှင် ငါအရှင်မြတ်သည် သူ့ထံတစ်လံချဉ်းကပ်တော်မူ၏။ သူသည် ငါအရှင်မြတ်ထံဖြည်းဖြည်းလာလျှင် ငါအရှင်မြတ်သည်သူ့ထံလျှင်မြန်စွာ ကြွတော်မူ၏။ (ဗူခါရီ - မွတ်စလင်မ် -ဒုရ်ရိမန်သူရ်ကျမ်း)

အလှအပဆုံး အဖြူစင်ဆုံး အမြင့်မြတ်ဆုံး အကြင်နာဆုံးသော အချစ်မှာ တစ်ပါးတည်းသောအလ္လာဟ်အရှင်အား
ချစ်ခြင်းဖြစ်သည်။ ထိုအရှင်သည် ချစ်ခြင်းတရားနှင့်ပြည့်စုံသော နှလုံးသားများကို ဖန်ဆင်းရှင်လည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် နှလုံးသားများကို အချစ်နှင့်လှည့်စေ၍ အရှင့်အားသိကာ ရိုကျိုးနှိမ့်ချခြင်း၊ အမိန့်နာခံခြင်း၊ ကိုးကွယ်ခြင်း၊ ချီးမွမ်းထောပနာပြုခြင်းနှင့် ပီတိဝေဖြာခြင်းတို့ဖြစ်ပေါ်စေသည်။ ထိုသို့ယုံကြည်ကိုးကွယ်ခြင်းသည် အခြားမည်သည့်အရာနှင့်မှ အရှင်မြတ်နှင့်ယှဉ်တွဲ၍မကိုးကွယ်နိုင်ပါ။ ပြည့်စုံသောအချစ်ဟူသည် ရိုကျိုးနှိမ့်ချခြင်းနှင့် အမိန့်နာခံခြင်းတို့မပါဝင်ဘဲပြည့်စုံမှုမဖြစ်နိုင်ပါ။

ဟဒီးစ်တော်၌လာရှိသည်မှာ
အရှင်မြတ်သည် မိုးနှင့်လည်းမဆန့်၊ မြေနှင့်လည်းမဆန့်။ သို့သော် မုအ်မင်န်၏ နှလုံးသား၌ ဝင်ဆန့်တော်မူသည်။

.
ကုရ်အာန် ၈၅း ၁၄ ထို့အပြင် ထိုအရှင်သည်သာလျှင် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်
သော၊ အလွန်ချစ်ခင်မြတ်နိုးသော အရှင်မြတ်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် လူသားများအပေါ် ချစ်ခြင်းနှင့်သနားကြင်နာမှု ခွင့်လွှတ်မှုများကိုချီးမြင့်ထားလေသည်။ အရှင်မြတ်၏အချစ်ကိုသိနားလည်သူ လူသားတို့သည် အရှင်မြတ်အားပြန်လည်ချစ်တတ်လိမ့်မည်။
-
အလ္လာဟ်အရှင်မြတ်အချစ်ဆုံးသည် တမန်တော်မြတ်ဖြစ်သည်။ တမန်တော်မြတ်၏ အမည်နာမသည် ဖန်ဆင်းရှင်ဖြစ်သော အလ္လာဟ်အရှင်မြတ်၏ နာမတော်နှင့်တွဲဖက်၍ (လာအိလားဟ၊ အိလ္လောက်လာ မိုဟမ်မတ်ဒို့ရစူဟ်လွလ္လာဟ်) ဂျန္နတ်သုခဘုံတွင် ထိန်းသိမ်းထားသည်ကိုကြည့်လျှင် မည်သည့်လူသားတစ်ဦးမျှမရခဲ့သည့်အဆင့်ဖြစ်ကြောင်းထင်ရှားလှပေသည်။ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံ၏ နာမတော်များတွဲထားခြင်းကိုကြည့်ခြင်းဖြင့် အချစ်က အချစ်ကိုဖန်ဆင်းကြောင်းထင်ရှားလှပေသည်။ တမန်တော်အာဒမ် (အ) သည်ပင် ဝန်ချတောင်းပန်ရာတွင် အရှင့်၏အချစ်တော်နာမတော်ပါဝင်သောအခါမှသာ ထိုဝန်ချတောင်းပန်ခြင်းကို လက်ခံမှုပြုခဲ့လေသည်။
.
အချစ်ဟူသည်ကြေးမုံပြင်တစ်ချပ်ဖြစ်သည်။ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မိန့်တော်မူခဲ့သည် ကျွန်ုပ်သည်အလ္လာဟ်အရှင်မြတ်၏ နူရီတော်မှဖန်ဆင်းခဲ့သည်။

အစ်ဗ်နေ့အဗာ့စ် (ရ.အ) မှဆင့်ပြန်ထားသည် အလ္လာဟ်အရှင့်မြတ်မှ အီစာ (အ) အားမိန့်တော်မူသည် သင်၏နောက်လိုက်များသည် မိုဟမ္မဒ် (ဆွ) ကိုယုံကြည်ကြလော့။ အကယ်၍ငါအရှင်မြတ်သည် မိုဟမ္မဒ် (ဆွ) အားမဖန်ဆင်းခဲ့လျှင် အာဒမ် (အ) အားဖန်ဆင်းခဲ့မည်မဟုတ်။ တမန်တော်မိုဟမ္မဒ် (ဆွ) သာမရှိခဲ့လျှင် ဂျန္နသ်သုခဘုံနှင့် ဂျဟန္နာမ်ငရဲမီးကိုလည်းဖန်ဆင်းဖြစ်မည်မဟုတ်ပေ။ ငါအရှင်မြတ်၏ အာရ်ရတ်ရှ်ပလ္လင်တော်အား ရေပေါ်၌ပြုလုပ်သောအခါ ၎င်းသည်တုန်လှုပ်ခဲ့လေသည်။ ထိုအခါ လာအိလားဟ၊ အိလ္လောက်လာ မိုဟမ္မဒ်ဒို့ရစူဟ်လွလ္လာဟ် ဟုရေးသားပေးလိုက်မှ ၎င်းရေ၏ တုန်လှုပ်ခြင်းသည်ရပ်သွားလေသည်။ (ဟဒီးစ်အီမန်ဟာကီမ်ကျမ်း စာအုပ်နံပတ် ၄၂၂၇၊ အခန်း ၂၊ စာမျက်နှာ ၆၀၉)
-
ရှိက်ခ် အဗ်ဒူလ်ကာဒယ်ရ်အလ်ဂျီလာနီ (ရဟီမူ့လ္လာဟ်) ဆိုခဲ့သည်မှာ အလ္လာဟ်အရှင့်မြတ်သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ရူဟ်ဝိဉိာဉ်ကိုအရှင်မြတ်၏ နူရီဟ်တော်အလှဖြင့်ဖန်ဆင်းခဲ့လေသည်။ (အလ်စိရ်ရီလ်အတ်စရာဟ်ကျမ်း)

တမန်တော်မြတ်မိုဟမ္မဒ် (ဆွ)မှ နောက်လိုက်လူသားတို့အားမည်မျှချစ်ခဲ့သည်မှာ (ရဗ်ဗိဟဘ်လီ အူမတီ) အိုဖန်ဆင်းတော်မူသောအရှင် ကျွန်တော်မျိုး၏နောက်လိုက်များ၏အပြစ်များကို ခွင့်လွှတ်တော်မူပါဟူ၍ အချိန်ပြည့်တောင်းဆိုခဲ့သည်ကိုကြည့်ခြင်း
ဖြင့်သိနိုင်သည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်မွေးမြူ ဖန်ဆင်းသောလူသားတို့အပေါ်ထားရှိသောအချစ်သည် မဟာသမုဒ္ဒရာမျှကြယ်ဝန်းပြီး လူသားတို့အချင်းချင်းထားရှိသော ချစ်ခြင်းမေတ္တာတို့သည် ထိုသမုဒ္ဒရာတွင် အပ်စိုက်၍ ကပ်ပါလာသောရေပမာဏမျှသာရှိပေမည်။
.
အလ္လာဟ်အရှင်မြတ်သည် လူသားတို့အစစအရာရာ လိုလေသေးမရှိအစဉ်ပြေစေရန်အလို့ငှါ လူအများကုန်ကူးသန်း ရောင်းဝယ်နိုင်ရန်နှင့် သွားလာနိုင်ရန် နေ့ကိုလည်းကောင်း၊ လူအများအိပ်စက်အနားယူနိုင်ရန် ညကိုလည်းကောင်း၊ လူသားများ ဝမ်းစာဖူလုံစေရန်နှင့် သောက်သုံးရန်မြေမှပေါက်သော အစားအစာများ၊ မိုးရေရွာသွန်းပေးခြင်းကိုလည်းကောင်း၊ ကူးသန်းသွားလာနိုင်ရန် သင်္ဘောအစီးအနင်းနှင့် ပင်လယ်ရေကိုလည်းကောင်း၊ သဘာဝထွက် ဆေးဖြစ်ဝါးဖြစ်သစ်ဥသစ်ဖု ပန်းပင်များကိုလည်းကောင်း၊ အရှက်ဖုံးစေရန် အဝတ်အထည်တို့ကိုလည်းကောင်း၊ အဖန်ဆင်းခံများထဲတွင် လူသားကိုအလှပဆုံးဖန်ဆင်းပေးထား
ခြင်းသည်ကိုလည်းကောင်း၊ အသိပညာ အလိမ္မာရှိကြရန်ကျမ်းမြတ်ကုရ်အာန်ကိုချပေးခဲ့သည်ကိုလည်းကောင်း ကြည့်ခြင်းဖြင့် မိမိတို့လူသားများအပေါ်အလ္လာဟ်အရှင်မြတ်သည် မည်မျှရက်ရောစွာပေးကမ်းစွန့်ကြဲတော်မူသည်ကို ကျေးဇူးသိတတ်ရပေမည်။ ကျွန်ုပ်တို့သည်တမန်တော်မြတ်မိုဟမ္မဒ် (ဆွ)၏ အွန်မတ်သားများဖြစ်ရသည်မှာ လွန်စွာနိဆစ်ဗ်ကောင်းလှသည်။ ယခင်တမန်တော်များလက်ထက်လူသားတို့တွင် ကျွန်ုပ်တို့ကဲ့သို့ စားကောင်းသောက်ဖွယ်ရာများပေါများစွာမရှိခဲ့ပေ။

အလ္လာဟ်အရှင်မြတ်ကိုချစ်မြတ်နိုးကြောင်း မည်သို့မိမိကိုယ်ကို သိနိုင်မည်နည်းဆိုလျှင် မိမိအား အလ္လာဟ်အရှင်မြတ်မှ ကယ်တင်ဆောင်မထားခြင်းကိုပြန်လည်ဆင်ခြင်မိခြင်း၊ မူရာကဗာ၊ ဇိကိရ်၊ အေသိကပ်ဖ်တို့တွင် အလ္လာဟ်အရှင်မြတ်ကို တမ်းတသတိရ ချစ်မြတ်နိုးလွန်း၍ နှလုံးသားမှမခံနိုင်ဘဲ မျက်ရည်များစီးကျကာ ထိန်းမနိုင်သိမ်းမရငိုကြွေးမိခြင်းတို့ပင်ဖြစ်သည်။ ကြက်သီးထခြင်း အပြစ်များအတွက်ရှက်ကြောက်မိကာ အကြိမ်ကြိမ်အဖန်ဖန် ဝန်ချတောင်းပန်ခြင်း၊ မိမိ၏မာန်မာနတို့ကိုချိုးချခြင်း၊ ရိုကျိုးခဝပ်ခြင်းတို့ကို အစီအစဉ်မရှိဘဲပြုလုပ်လာချင်စိတ်များ ၎င်းအချိန်တွင်တိုးပွါးလာသည်။ ၎င်းအချိန်သည်ဒိုအာ ကဗူလ်ဖြစ်သောအချိန်လည်းဖြစ်သည်ဟု ပညာရှင်များကဆိုထားသည်။
.
တမန်တော်မြတ်မိုဟမ္မဒ် (ဆွ) အားလည်း အောက်မေ့သတိရကာ ဒရူးဒ်ဆွလာဝါ့သ်ပို့နေရင်း၊ တမန်တော်၏ နောက်လိုက်တို့အပေါ် သောကထား သည်းခံအနစ်နာခံခဲ့သည်များကို သတိရခြင်းဖြင့် ရင်တွင်စူးရှမျက်ရည်လည်ကာ အလွန်ချစ်မြတ်နိုးမိလေသည်။

လူသားချင်းထားရှိသောအချစ်ဆိုသည်မှာ ပေးဆပ်ခြင်း၊ ဂရုစိုက်ခြင်း၊ ပူပန်ခြင်း၊ ကာကွယ်ပေးခြင်း၊ ပြုစုယုယပေးခြင်း၊ ယိုင်းပင်းကူညီ ပံ့ပိုးပေးခြင်း၊ အနစ်နာခံခြင်း၊ မျှဝေပေးခြင်းတို့ဖြစ်သည်။

အကြောင်းအရာတစ်စုံတစ်ခုရှိနေလျှင် လူနှစ်ဦး၏ နှလုံးသားတွင်းချစ်ခြင်းမေတ္တာကို အလ္လာဟ်အရှင်မြတ်မှ ထည့်ပေးတတ်သည်။ ထိုမေတ္တာအရင်းခံကြောင့် နောင်အနာဂတ်တွင် တစ်ဦးကိုတစ်ဦးဖေးမကူညီယိုင်းပင်းကြလေသည်။ ** ကုရ်အာန် ၂း ၃၀ အသင်တို့မသိသော အကြောင်းများစွာကို ငါအရှင်သာလျှင် သိတော်မူသည်...

လူတို့သည် မိမိတို့၏ ဘဝတွင်တစ်စုံတစ်ရာ ချို့တဲ့နေလျှင် ၎င်းအရာအတွက်စိတ်သိမ်ငယ်မှုဖြစ်တတ်ကြသည်။ စင်စစ်ထိုချို့တဲ့မှုဖြစ်ရခြင်းအကြောင်းခံမှာ အလ္လာဟ်အရှင်မြတ်ဘက်မှ မိမိအားမကောင်းမှုများမှ စောင့်ရှောက်ရန် ကာကွယ်ပေးထားခြင်းဖြစ်ပေသည်။ သူများထက်ချို့တဲ့သူတို့တွင် အလ္လာဟ်အရှင်မြတ်၏ ချီးမြင့်မှုကြောင့် ရစူရ်တမန်တော်များ၊ တိုင်းပြည်အုပ်ချုပ်သောမင်းများ၊ ကမ္ဘာကျော်ကြားသောပညာရှင်များစွာရှိကြလေသည်။ လူအမြင်တွင် ချို့တဲ့သောသူတို့တွင် အလ္လာဟ်အရှင်မြတ်ဘက်မှ ထူးကဲမြင့်မြတ်သောအရည်အချင်းများချီးမြင့်ခြင်းခံရတတ်သည်။

ကုရ်အာန် ၂ : ၂၁၃ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်မြို့တော်မူသော သူတို့ကို ဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ညွှန်ကြားပြသပို့ဆောင်တော်မူလေသတည်း။

အလ္လာဟ်အရှင်မြတ်ဘက်မှ မိမိအားဤသို့ရွေးခြယ်ခြင်းခံရသည်ကို သိမြင်ခံစားနိုင်ပါလျှင် ဝမ်းမြောက်ဝမ်းသာပီတိများစွာနှင့် ရှူကုရ်ထပ်ခါလုပ်ကာ မိမိကိုမွေးမြူဖန်ဆင်းစောင့်ရှောက်တော်မူသောအရှင်သခင်အား ဆထက်ပို၍ချစ်မြတ်နိုးလာမည်။ ဤသို့ဖြင့်အရှင့်အမိန့်တော်များကို ရိုကျိုးနာခံရန်ကြိုးစားအားထုတ်လာကြမည်။

အလ္လာဟ်အရှင်မြတ်နှင့် မြတ်နဗီ၏ကျေးဇူးများကိုသိနားလည် ကျေးဇူးဆပ်တတ်သူများဖြစ်လာရန် မွတ်စလင်မ်တိုင်းကြိုးစားရပေမည်။ သာသနာတော်ကို အမျိုးသား၊ အမျိုးသမီးတို့ အိုမင်းသောအခါမှလေ့လာရသည်မဟုတ်။ အချိန်ရှိသ၍လေ့လာသင့်သည်။ ဖြောင့်မတ်မှန်ကန်သောလမ်းကို သွေဖီငြင်းပယ်သော ပတ်ဝန်းကျင်ကဲ့သို့ ကျေးဇူးကန်းသူမဖြစ်ရန် အထူးသတိရှိရန်လိုအပ်ပေသည်။

အချစ်သည် တာရှည်လာသောအခါ ဝိဇ္ဇာဉာဏ်၏ အလင်းရောင်ဖြစ်လာသည်။ ထိုသို့ဖြစ်လာသောအခါ စိတ်နှလုံး၏ ငြိမ်းချမ်းမှု၊ သာယာမှုနှင့် ကြည်နူးနှစ်ခြိုက်မှုတို့ကိုပေးအပ်လေသည်။

အမြင့်မြတ်ဆုံးသော ဇိကီရ်ဘာဝနာပွါးများခြင်းသည် (လာအိလားဟ၊ အိလ္လောက်လာဟို့ ) ဆိုခြင်းဖြစ်သည်။ အမြင့်မြတ်ဆုံးသော ကျေးဇူးတင်ခြင်းသည် (အလ်ဟမ်းဒို့လိလ္လာဟ်) ဆိုခြင်းဖြစ်သည်။ (ဒုရ်ရိမန်သူရ်ကျမ်း)

မိစ္ဆာလမ်းမှ သစ္စာနန်း သို့လျှောက်လှမ်းသောအချိန်တွင် မသိနားမလည်သေးသောအချိန်ကာလမှာ မိစ္ဆာလမ်းတွင်တည်ဆောက်ခဲ့သော ဖောင်ကိုဖျက်၍ သစ္စာလမ်းမှာ သုံညကပြန်လည်စကောင်းစရလိမ့်မယ်။
-
အချစ်တွင် မိမိတို့၏ အလ္လာဟ်အရှင်မှ လွယ်ကူမှုနှင့်တမျိုး၊ ခက်ခဲမှုနှင့်တဖုံ စမ်းသပ်လေ့ရှိသည်။ မည်သို့ပင်စမ်းသပ်စေကာမူ ခက်ခဲမှုနှင့် လွယ်ကူမှုတို့ကြား ခန္တီတရားကန့်လန့်ကာချ၍ ရိုကျိုးနှိမ့်ချသူမွတ်စလင်မ်တို့အတွက် သည်ခန္ဓာသည်သင်္ခါရ သစ္စာသည်ထာဝရဖြစ်လေသည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်နှင့်နီးစပ်ရန် အမြဲသတနေသော စွစ်ဒီက်ကီးန်သူတော်စဉ်တို့ဘောင်အတွင်းသို့ရောက်နိုင်ရန် ဆထက်တပိုးအမြဲလုံ့လစိုက်ရပေလိမ့်မည်။

ကုရ်အာန် ၂ : ၁၅၃ အို ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြသူအပေါင်းတို့ အသင်တို့သည် သည်းခံတရားထားခြင်းဖြင့်လည်းကောင်း၊ ဆွလာ့သ်ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ ကူညီထောက်ပံ့စောင်မတော်မူခြင်းကို ရယူကြကုန်လော့။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ခန္တီတရားထားရှိသောသူတို့တွင် အတူတကွအမြဲရှိတော်မူလေသတည်း။
-
စာရေးသူသည်လည်း ထိုချိုမြိန်ရသာ အချစ်ကိုရှာဖွေ၊ တွေ့ရှိ၊ ခံစားပြီး နှစ်အတော်အတန်ကြာပြန်လည်သုံးသပ်ပြီးမှ စာဖတ်သူတို့ထံ ဤရင်တွင်းဖြစ် '' အချစ် '' ကိုမျှဝေလိုက်ခြင်းဖြစ်ပါသည်။

နေလ ကြယ်စင်
သမုဒ္ဒရာ တောင်တန်း
သခင့်အပေါ် ဖူးမော်ပျော်ပါး
သခင့်အမိန့် နာခံလျှက်နှင့်
မေတ္တာရေစင် သွင်သွင်စီးလျှက်
ဒီနှလုံးသားနှင့် ဒီဦးနှောက်က
ကမ္ဘာဆုံးထိ သက်ဆုံးတိုင်အောင်
သခင့်အပေါ် သစ္စာခိုင်မြဲ
မြတ်နိုးခြင်းများ သီကုံးထားကာ
ချစ်ပန်းလေးတွေ ပိုလှတယ်....။

မမီးမီး
(Founder of Islam Yaungche Society)

ကိုးကားကျမ်းများ : ကုရ်အာန်မြန်မာဘာသာပြန်၊ ဟဒီးစ်, ဂူးဂယ်လ်နှင့်
http://www.missionislam.com/knowledge/love.htm

ဒီဆောင်းပါးဖြစ်မြောက်အောင် ကူညီပေးခဲ့သူ ခင်ပွန်းသည်အား ကျေးဇူးတင်လျက်။

မှတ်ချက် : သည်ဆောင်းပါးကို http://islam-yaungche.blogspot.com/ linkနှင့်အတူ ကူးယူပြီးလက်ဆင့်ကမ်းနိုင်သည်။

No comments: