---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, April 8, 2011

စိတ်နှလုံးသားတခါးကို ဥာဏ်အမျှော်အမြင် ဆင်ခြင်တုံတရားဟူသော သော့နဲ့ဖွင့်ကြည့်လိုက်

ဩ အရုပ်လေးရယ်... မင်းတို့မျက်လုံးလေးတွေက ညို၊ ပြာ၊ စိမ်း၊ နက် ရောင်စုံလေးတွေနဲ့ ကျောက်မျက်ရတနာလို ကြည်လင်လှပနေပါလား။ မင်းတို့ဆံနွယ်လေးတွေက ရွှေရောင်၊ ငွေရောင်၊ ညို၊ နက်ရောင်တွေနဲ့ ပိုးချည်မျှင်လိုပါဘဲလား။ မင်းတို့နှုတ်ခမ်းလေးတွေကလည်း ပန်းနုပမာ နုအိလို့ မင်းတို့ရဲ့ အသွေး အသားအရောင်တွေက ပထဝီအရောင်နဲ့နီးစပ်ပြီး တင့်တယ်တဲ့ အရပ်အမောင်းနဲ့ ရှူချင်စဖွယ် သက်မဲ့အရုပ်လေးပေါ့။


မင်းမှာ '' အသက် '' ဆိုတာမရှိသေးတော့ မင်းအလှကို မင်းဘယ်သိပါ့မလဲနော်။ မေတ္တာရောင်ခြည် လေညှင်းလေးနဲ့ မင်းခန္ဓာကိုယ်တွင်း ဝိညာဉ်မှုတ်သွင်းခံလိုက်ရတဲ့အခါ မင်းမျက်လုံးလေးတွေ ပွင့်လာပြီး ပတ်ဝန်းကျင်ကိုမြင်နိုင်ခဲ့ပြီမဟုတ်လား။ မြင်ရုံမက ပတ်ဝန်းကျင်က အသံတွေမင်းကြားနေရပြီ။ အနံ့တွေလည်းရလာပြီ၊ မင်းရဲ့ လျှာနဲ့ အရသာခံတတ်လာပြီ။ မင်း ခြေတွေလက်တွေလှုပ်ရှား သွားလာတတ်လာပြီ။ တွေ့မြင်သမျှကို ဦးနှောက်နဲ့ မင်း ဝေဖန်သုံးသပ် တတ်လာတယ်။ မင်းလိုဘဲ က်ျား - မ အရုပ်လေးတွေမင်းတွေ့လာတယ်။ မင်းမှာ ရှက်ကြောက်ခြင်း၊ ဝမ်းနည်းဝမ်းသာခြင်း၊ ချစ်တတ်မုန်းတတ်ခြင်းတို့ကို ခံစားလာတတ်ပြီလေ။ မင်းအတွက် အမုန်းဆိုတာ မွန်းကျပ်နေပြီး အချစ်အရသာမှာ မင်းရဲ့စိတ်နှလုံး သာယာကြည်နူးပြီး ပျော်ရွှင်မှုတွေရနေတယ်မဟုတ်လား။ မင်းအလှ၊ မင်းပညာ မင်းမာနတွေနဲ့ မင်းကိုယ်မင်းမမေ့ပါစေနဲ့။


မင်းကိုသက်မဲ့အရုပ်ဘဝက သက်ရှိအရုပ်သို့ အဆင့်ဆင့် ပြုစုပျိုးထောင်ပေးခဲ့ '' သူ '' မင်းအတွက် လိုလေသေးမရှိ အစစအရာရာမှာ စီမံပေးထား '' သူ '' ကမ္ဘာပေါ်မှာရှိရှိသမျှအရာအားလုံးထဲမှာ မင်းကို အလှပ ဆုံးအဖြစ်ချီးမြှင့်ပေးထား '' သူ '' မေတ္တာရှင်ကို မင်းသတိရရဲ့လား အရုပ်လေးရေ။ မင်းရဲ့ စိတ်နှလုံးသားတခါးကို ဥာဏ်အမျှော်အမြင် ဆင်ခြင်တုံတရားဟူသော သော့နဲ့ဖွင့်ကြည့်လိုက်ပါ။ မင်းရဲ့ မေတ္တာရှင်ကို မင်းတွေ့ရပါလိမ့်မယ်။ မင်းပြုကျင့်သမျှ အလုံးစုံကို '' သူ '' မြင်နေ၊ ကြားနေရတယ်နော်။ အချိန်တန်မိုးချုပ်တဲ့အခါ မင်းလည်း သူ့ ဆီပြန်ရမှာဘဲလေ။ မင်းဟာ သူ့ ရဲ့သက်ရှိအရုပ်လေးတစ်ရုပ်ပါ။


မင်း နဲ့ သူ ရယ်လို့ ခွဲခြားနေတဲ့ လောကကြီးမှာ တကယ်တော့ သူ့ ရဲ့ရောင်ခြည်မေတ္တာကနေ တို့အားလုံးလာကြတာပါ။ နောက်ဆုံးတော့ တစ် (Oness) ဘဲကျန်ခဲ့တယ်။ ဒါတွေကိုအချစ်ရှိမှ မင်းခံစားတတ်လိမ့်မယ်။ လေ့လာလိုက်ဦး အရုပ်လေး.....။


(အစ္စလာ့မ်ရောင်ခြည်)

No comments: