---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Saturday, May 28, 2011

သန့်စင်သောအလှ

ကုရ်အာန် ၀၉၁း ၉။ စင်စစ် မိမိအသက်ဇီဝိန်ကို စင်ကြယ်သန့်ရှင်းစေခဲ့သူသည် အောင်မြင်ခဲ့လေပြီ။
.
ဒီကနေ့ ခါတိုင်းကဲ့သို့ ကျောင်းသူကျောင်းသားများကိုစာသင်ရန် စာအုပ်များထည့်ထားတဲ့သားရေအိတ်ကိုဆွဲပြီး ကျောင်းဖက်ကိုထွက်လာခဲ့တယ်။ ကျောင်းရောက်တော့ အခန်းရှေ့မှာ ဆရာမကိုထိုင်စောင့်နေကြတဲ့ ကျောင်းသားလေးနှစ်ယောက်ကိုတွေ့တယ်။ ဆရာမ စာသင်ခန်းတခါးကို သော့နဲ့ဖွင့်ပြီး
.
ကဲ...လာကြလို့ခေါ်လိုက်တယ်။ မကြာဘူး နောက်ကျောင်းသူ ကျောင်းသားတွေလည်းရောက်လာပြီး သူ့နေရာနဲ့သူထိုင်ကြတယ်။ သူတို့အားလုံးကိုစာသင်၊ အိမ်စာတွေစစ်၊ ကျောင်းဆင်းခါနီးနောက်အပတ်အတွက်အိမ်စာလေးတွေပေးလိုက်ပြီး အားလုံးက ဆရာမကိုနှုတ်ဆက်ပြီးပြန်သွားကြတယ်။ ပထမ ကျောင်းသား group ကိုတော့စာသင်ပြီးသွားပြီ ဒုတိယ group မလာခင် ဆရာမ ရေသောက်၊ ပြင်စရာရှိတာလေးတွေပြင်နေတယ်။
.
ဒီလိုနဲ့ဘဲ ဒုတိယ group မှာသင်မဲ့ ကျောင်းသူ ကျောင်းသားတွေအတန်းထဲကိုတဖြေးဖြေးဝင်လာကြတယ်။ အဲဒီအထဲမှာ ဒီနေ့သူများနဲ့မတူအောင် လည်ဟိုက်အင်္ကျီနဲ့ဂျင်းဘောင်းဘီအတိုဝတ်လာတဲ့ကျောင်းသူလေးကိုသတိထားမိလိုက်တယ်။ အဲဒီကျောင်းသူလေးရဲ့ထိုင်ခုံနားမှာ အခြားကျောင်းသားလေးတွေလည်းထိုင်ကြတယ်။ သူတို့ထိုင်နေကြထိုင်ခုံနဲ့စားပွဲလည်းဖြစ်ပါတယ်။
.
ဆရာမစာသင်တော့မယ်လို့ပြင်လိုက်ပါတယ်။ ဒါပေနဲ့ရှေ့ကမြင်ကွင်းက ဆရာမလက်မှာကိုင်ထားတဲ့ Pen ကိုစားပွဲပေါ်မှာပြန်ချထားလိုက်ရတယ်။ ဟင်း..... ဒီကောင်မလေး လည်ဟိုက်အင်္ကျီဝတ်ထားတာ မမြင်ချင်မှအဆုံးပါလား.... အင်္ကျီနဲ့ကိုမတူတော့ဘူး.... ဘေးနားမှာလည်းယောက်ျားလေးတွေနဲ့လို့စဉ်းစားမိပြီး သားရေအိပ်ထဲက paperclip ကိုယူလိုက်တယ်။

သမီး...အပြင်ကိုခဏလိုက်ခဲ့လို့ပြောပြီး အခန်းအပြင်ကိုခေါ်သွားလိုက်တယ်။
.
သမီးအင်္ကျီကအတော်လေးကို လည်ဟိုက်နေတယ်....သမီးဘေးနားမှာလည်းယောက်ျားလေးတွေထိုင်နေကြတယ် သမီးကိုမြင်နေရတယ်။ သမီး ဒီလိုဝတ်ရင်နောက်ဆို သမီးကိုသူတို့လေးစားမှာမဟုတ်ဘူး စကြလိမ့်မယ်။ အလှအပဆိုတာဖော်ဝတ်တိုင်းလည်းလှတာမဟုတ်ဘူး။ လုံလုံခြုံခြုံလေးဝတ်တဲ့ စတိုင်လေးတွေလည်းရှိတယ်။ အဲဒီစတိုင်လေးတွေဆို ကျက်သရေလည်းရှိတယ် သူများက ကိုယ့်ကိုလာစတာ အားမနာတာလည်း မလုပ်နိုင်တော့ဘူးလို့ရှင်းပြရတယ်။
.
ဆရာမပြောတာနားလည်လားသမီး?
ဟုတ် နားလည်ပါတယ်။
သမီး..ကြည့်လို့ကောင်းအောင် အင်္ကျီလေးကို ဒီ paperclip လေးနဲ့ပြုပြင်ပေးမယ်နော်။
ဟုတ်။
ကဲမှန်ထဲမှာကြည့်လိုက်ပါဦး စောစောကထက် သမီးကပိုလှသွားပြီ။ နောက်နေ့တွေလည်းဒီလို လုံလုံခြုံခြုံလေးဝတ်လာနော် သမီး။
ဟုတ်ကဲ့ဆရာမ။
လိမ်မာတယ်... ကဲအတန်းထဲပြန်ဝင်လိုက်။
ဟုတ်။
.
အဲဒီနေ့ကစလို့ ဒီကျောင်းသူလေးက ကျောင်းတက်တိုင်း အင်္ကျီလုံလုံခြုံခြုံဝတ်လာပြီး၊ ဘောင်းဘီအရှည်ဝတ်လာတာကိုတွေ့ရပါတယ်။ မြင်ရတဲ့ဆရာမအတွက်လည်း ပီတိတွေဖြစ်လို့။
.
ဆရာမအတွက်ရင်မောစရာဖြစ်ရတဲ့ကျောင်းသူလေးတွေလည်းရှိပါတယ်။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ဖို့သင်ပေးရင် သမီး သူငယ်ချင်းတွေ၊ ဆွေမျိုးတွေဆို ဒီထက်တောင်ဖော်ဝတ်သေးတယ်။ အခုခေတ်က ခေတ်မှီချင်ရင် သမီးတို့ဒီလိုဘဲဝတ်ရတယ်။ ဒါမှသူငယ်ချင်းတွေကလည်း ခင်တာ အပေါင်းအဖော်လည်းဆန့်တယ်ဆရာမရဲ့။
.
ကုရ်အာန် ၀၁၇း ၃၆။ ထို့ပြင်တစ်ဝ အသင်သည် မိမိမသိသော အကြောင်းအရာ၏ နောက်သို့ မလိုက်လေနှင့်၊ ဧကန်မလွဲ နား၊ မျက်စိ၊ စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်း ခြင်းကို ခံရမည်သာတည်း။
.
*** မိမိတို့ထက်သူများကပိုဆိုးတယ်လို့ပြောနေခြင်းက excuse တစ်ခုဖြစ်နေပြီ။ သူများကိုထောက်ပြနေမဲ့အစား ကိုယ့်ကိုယ်ကိုတန်ဖိုးရှိအောင်၊ ကိုယ့်အသိုင်းအဝိုင်းပိုမိုလှပအောင် အားပေးပံ့ပိုးပေးခြင်းကပိုကောင်းလိမ့်မယ်။
.
ဒီကျောင်းသူလေးတွေပြောတာ ငယ်ငယ်ကဖတ်ဖူးတဲ့ အရိုင်းကာတွန်းကိုသွားသတိရမိပါ
တယ်။ ကာတွန်းထဲမှာ လမ်းထဲက ခွေးလေးတွေ ကြောင်လေးတွေက အိမ်မွေး ပါပီခွေးလေး ကြောင်လေးတွေကို ဟေ့ကောင် တွေ...မင်းတို့ခေတ်မမှီဘူးကွာ... မင်းတို့ခေတ်မှီချင်ရင်ငါတို့လိုဘဲ အမြီးဖြတ်။ ဒီမှာတွေ့လားငါတို့အားလုံးအမြီးဖြတ်ထားကြတယ် ဘယ်လောက်လှသလဲ။ မင်းတို့အမြီးမဖြတ်ရင်ငါတို့နဲ့လာမပေါင်းနဲ့ ဒါဘဲတဲ့။ လူမှာလည်းအတိုအထွာအပြတ်တွေဝတ်မှ ခေတ်မှီတယ်၊ အပေါင်းအသင်းဆန့်တယ်လို့ထင်နေရင် မဟုတ်သေးပါဘူး။
.
ဘာသာတရားမှာကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်အောင်သင်ကြားပေးထားပါတယ်။
.
ကုရ်အာန် ၂၄:၃၀။ အိုနဗီတမန်တော် အသင်သည် '' မုအ်မင်န် '' သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထားရမည်ဟူ၍လည်းကောင်း၊ ထို့ပြင်မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်းပြောကြားပါလေ။ ဤသည်၎င်းတို့အဖို့အစင်ကြယ်ဆုံးပင်ဖြစ်သည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်ပေသတည်း။

အပေါင်းအသင်းနဲ့ ယိုယွင်းပျက်စီးပြီး စာရိတ္တတွေ၊ ခေါင်းပါးနေတဲ့ခေတ်ရေစီးကြောင်းလမ်းပေါ်မှာ တရားဓမ္မကိုဥပေက္ခါလုပ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးချလိုက်တာတော့ အလွန်နှမြောစရာကောင်းပါတယ်။ မိမိတို့ကို မွေးထုတ်လိုက်တဲ့ မိဘတွေရဲ့သိက္ခါကိုလည်းငှဲ့ညှာသင့်ပါတယ်။
.
မိန်းကလေးတိုင်းက အလှအပကိုနှစ်သက်ကြတယ်။ ကိုယ်နှစ်သက်တဲ့အလှက သန့်စင်ဖို့လို့ပါတယ်။ မိန်းကလေးရဲ့အရှက်ဟာ တစ်ကိုယ်လုံးဖြစ်ပြီး ယောက်ျားများ၏ အရှက်မှာ လည်ပင်းကဒူးခေါင်းအောက်ထိဖြစ်ပါတယ်။ လူဆိုတာအရှက်ရှိမှ ဣနြေ္ဒထိန်းသိမ်းနိုင်မယ်။
.
အခြေအနေအမျိုးမျိုးကြောင့် လတ်တလောဟီဂျာ့ဗ်မဝတ်နိုင်သေးတာအပြစ်မပြောလိုပါဘူး။ မိန်းမကောင်းပီသအောင်တော့ အပေါ်အောက်လုံခြုံအောင်ဝတ်သင့်ပါတယ်။
.
ကုရ်အာန် ၀၆၇း ၂။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ် သည်ကို စမ်းသပ်ရန်အလို့ငှာ သေခြင်းကို၎င်း ရှင်သန်ခြင်းကို ဖန်ဆင်းခဲ့သည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွတ်တော်မူသောအရှင် ဖြစ်တော်မူ၏။
.
ဒီဆောင်းပါးကို မိန်းကလေးများနှစ်ဘဝအတွက် သောကထား၊ စေတနာထားလို့ ကိုယ့်အချိန်တွေကိုဖဲ့ပြီးရေး
လိုက်ပါတယ်။ ဒီစေတနာကြောင့် စာရေးသူကို မုန်းမယ်ဆိုရင်လည်းမုန်းပါစေ။

ဟေဒါယာ့သ် အမြင်မှန်ရနိုင်ကြပါစေ။
.
ကုရ်အာန် ၀၆၅း ၂။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သည်ရှိသော် ထိုသူအတွက် အလ္လာဟ်အရှင်သည် ထွက်မြောက်ရာလမ်းကို ပြုလုပ်ပေးမည်ဖြစ်သည်။

စေတနာမေတ္တာဖြင့်
မွတ်စလင်မီးန်

No comments: