---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, August 9, 2009

အာအေ့ရှာ သခင်မ (RDYA-ALLAH-ANHA) ၏ အတ္ထုပ္ပတ္တိ

အာအေ့ရှာ သခင်မ၏ဖခင်မှာ အစ္စလာမ်သာသနာ၏ ပထမမြောက် သမတ အဗူဗကရ်ဖြစ်၏။ မိခင်မှာသခင်မ ဇိုင်နဗ် ဖြစ်သည်။ အာအေရှာသခင်မ၏ဘွဲ့အမည် မှာ '' ဆွစ်ဒ်ဒီကာ (အမှန်ပြောဆိုသူ) '' ဖြစ်သည်။ အာအေရှာသခင်မသည် နဗဝီသက္ကရာဇ် ၄ ခုနှစ် ရှောင်ဝါလ်လတွင် ဖွားမြင်သည်။

ပညာဂုဏ်
အာအေရှာသခင်မသည် အစ္စလာမ်သာသနာရေးဆိုင်ရာပညာရှင် ပါရဂူ တစ်ဦးဖြစ်၏။ သာဝကကြီးများပင်လျှင် အချို့ပြသနာရပ်များကို အာအေရှာသခင်မထံ လာရောက်မေးမြန်းကြရသည်။ အာအေရှာသခင်မနှင့် ပတ်သက်၍ ပညာရှင် '' အေမာမ်ဇွဟ်ရီ'' က အောက်ပါအတိုင်း ချီးကျူးစကား ရေးသားထား၏။'' အာအေရှာသခင်မသည် သာဝကကြီးများတွင် ပညာအတတ်ဆုံးဖြစ်သည်။ သာဝကကြီးများပင်လျှင် ထိုသခင်မထံသို့ လာရောက်မေးမြန်းကြရသည်။

''သမတကြီး အဗူဗကရ်၊ အို့မရ်၊ အွဆ်မာန် သခင်တို့ လက်ထက်များတွင် အာအေရှာ သခင်မသည် အစ္စလာမ်တရား ဓမ္မသတ်များကို စီရင်ဆုံးဖြတ်ခဲ့သည်။တမန်တော်မြတ် မို့ဟမ္မဒ်သခင်၏ ဩဝါဒတော်များအနက် ဩဝါဒတော်ပေါင်း ၂၂၁၀ သည် အာအေရှာသခင်မထံမှ တစ်ဆင့်ကြားသိရ၏။ ယင်းဩဝါဒတော်များအနက် မိန့်ခွန်းတော်ပေါင်း ၁၇၄ တိတိကို ဗို့ခါရီကျမ်းနှင့် မွတ်စလင်မ်ကျမ်းကြီးများတွင် လက်ခံရေးသား ဖေါ်ပြထားသည်ကိုတွေ့ရပေသည်။

အစ္စလာမ်သာသနာရေးဆိုင်ရာအချို့ နက်နဲသော ပြသနာများ အထူးသဖြင့် တမန်တော် မို့ဟမ္မဒ်သခင်ထံသို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ (ဝဟီ) မုက္ခပါဌ်တော် ကျရောက်ပုံ၊ ကုရ်အာန်၏အစီအစဉ်၊ ဆွလာသ်ဝတ်ပြုနည်း၊ ဟဂ်ျအကြောင်း၊ ဟစ်ဂျရတ်အကြောင်း၊ ဗဒ်ရ်စစ်ပွဲ၊ ဇတွရ်ရေကာအ်စစ်ပွဲ၊ ခန္ဒတ်က် စစ်ပွဲအကြောင်း၊ အမျိုးသ္မီးများ၏သစ္စာရှိပုံ၊ တမန်တော်သခင်၏ နောက်ဆုံးအပြုအမူ၊ တမန်တော်သခင်၏ အိမ်တွင်းရေး၊ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို တမန်တော်မြတ်ခံယူခြင်းအကြောင်း အစရှိသည့် အကြောင်းများသည် အာအေရှာသခင်မမှ တစ်ဆင့်စုံလင်စွာသိရှိရသည်။အာအေရှာသခင်မသည် စာပေအရာတွင်ပါရဂူဖြစ်ခဲ့၏။ ပြောဆိုရာတွင် နှုတ်ချို၏။

ထူးခြားသော ကိုယ်ကျင့်တရား
အာအေရှာသခင်မ၏ ကိုယ်ကျင့်တရားများသည် အလွန်တရာမှ မြင့်မြတ်၏။ အထူးသဖြင့် တင်းတိမ်ရောင့်ရဲ၏။ အလှူဒါန ရက်ရော၏၊ ရဲရင့်၏။တစ်ခါသော် '' အမီးရ်မို့ အာဝေယာ'' က အာအေရှာသခင်မအား ဒေရ်ဟမ် ၁၀၀ ၀၀၀ တစ်သိန်းဆက်သရာ အာအေရှာသခင်မသည် ထိုငွေများကို တစ်နေ့အတွင်းမှာပင် ဆင်းရဲသားများကိုလှူဒါန်းလိုက်၏။ ထိုနေ့တွင် အာအေရှာသခင်မသည် ဥပုသ်စောင့်ထား၏။ ဥပုသ်ဖြေရန် အချိန်ရောက်သည့်အခါ အစာအဟာရ ဝယ်ရန်အတွက်ပင် ငွေတစ်ပြားမှ မကျန်ခဲ့ပေ။အာအေရှာသခင်မသည် အမြဲလိုလိုပင် ဥပုသ်စောင့်၏။ တဟဂ်ျဂျွဒ်၊ တရာဝီဟ်၊ အောင်ဝါဘီန် ခေါ်ဆွလာသ်ဝတ်ပြုမှုများကို အမြဲတစေပြု၏။ နှစ်စဉ်နှင့်အမျှဟဂ်ျပြု၏။

ကြေးကျွန်များကို အထူးသနားကြင်နာ၏။ ကြေးကျွန်ပေါင်း ၆၇ ယောက်ကို ကျွန်အဖြစ်မှ လွတ်မြောက်စေခဲ့၏။အမီးရ်မို့ အာဝေယာ လက်ထက် ဟစ်ဂျရီသက္ကရာဇ် ၅၈ ခုနှစ်၊ ရမဇာန်လတွင် အာအေရှာ သခင်မသည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကိုခံယူသွားပါသည်။
ထိုအချိန်တွင်အာအေရှာသခင်မ၏ အသက်မှာ ၅၇ နှစ်ရှိပြီဖြစ်သည်။ သခင်မကို ''ဂျန္နတွလ်ဗကီအ်'' ကဗာလ်စတန်တွင် မြှုပ်နှံထားပါသည်။

အစ္စလာမ်ဘာသာသင်ခန်းစာ စတုတ္ထတွဲမှ အကျဉ်းချုံး ကောက်နှုတ် တင်ပြပါသည်။

No comments: