---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, February 22, 2009

မြန်မာမွတ်စလင်(မ်)ကလပ် (မလေးရှား) မှသောကြာနေ့ ခုသ်ွဗဟ်

.
မြန်မာမွတ်စလင်(မ်)ကလပ် (မလေးရှား) မှ ပေးပို့သော
အလ်ဟာဂ်ျ၊ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၏ သောကြာနေ့ February 6, 2009 မှခုသ်ွဗဟ်ကိုစာဖတ်သူများအားဝေမျှလိုက်ပါသည်။

မြန်မာမွတ်(စ) လင်မ် ကလပ်မလေးရှား
Safar 25, 1430 – Feb 6,2009
သောကြာနေ့ ခုသ်ွဗဟ် ၂/၂၀၀၉

မွတ်စလင်မ် ဆန့်ကျင်ရေး လှုံ့ဆော်ချက်များ

ချီးမွမ်းခြင်း အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အတွတ်သာ
ဖြစ်တော်မူပါ၏။ ထိုအရှင်စေလွှတ်တော်မူသော နဗီတမန်တော် အပေါင်းနှင့်
နောက်ဆုံးတမန်တော်ချုပ်၊ မုဟမ္မဒ် သခင်(ဆွ) အပေါ်သို့ ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ။

ညီအကို မောင်နှမ အပေါင်းတို့ခင်ဗျား_
အတ်စ္စလားမု အလိုင်ကွန်းမ်။ ဒီအပတ်မှာ ကျွန်တော်အနေနဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး
လှုံဆော်ချက်များ ဆိုတဲ့ ခေါင်းစဉ်အကြောင်း တင်ပြလိုပါတယ်။ ဒီကိစ္စဟာ ကမ္ဘာဦးအစကနေစပြီး ရှင်ပြန်ထမြောက်ရမဲ့နေ့တိုင် ခောတ်အသီးသီးမှာရှိနေမဲ့ကိစ္စ
ဖြစ်တဲ့အတွက် မွတ်စလင်တွေကိုယ်တိုင်မှန်ကန်စွာကိုင်တွယ်ဖြေရှင်းတတ်ဘို့အရေး
ကြီးပါတယ်။ အနောက်တိုင်းမှ လုပ်ကြံစာပေနှင့် မီဒီယာတွေအကြောင်းကြည့်မယ်ဆိုရင်

•အင်္ဂလန်မှာ မီဇာနုလ်ဟတ်က် (အမှန်တရားရဲ့ ချိန်ခွင်) ဆိုပြီးထွက်ခဲ့တယ်။
•စလ်မာန် ရရှ်ဒီရဲ့ Satanic Verses (မာရ်နတ်ရဲ့ ကဗျာများ) ဆိုတဲ့ စာအုပ်ထွက်ခဲ့တယ်။

အခြားစာပေ ထောင်သောင်းမက ထွက်ခဲ့တာ အနှိုင်းမဲ့ ကိုးကွယ်ရှင် အလ္လာဟ်၊ တမန်တော်ချုပ်
မုဟမ္မဒ်သခင် (ဆွ) နဲ့ အစ္စလာမ်ကို လုပ်ကြံစော်ကားပြီး လူထုကို လှည့်ဖြားချက်များသာ
ဖြစ်ခဲ့ပါတယ်။ ဒီတင်မကအနောက်တိုင်းမှာအစ္စလာမ်သာသနာနဲ့မွတ်စလင်ကမ္ဘာက
ကမ္ဘာ့ယဉ်ကျေးမှုနဲူ့လူသားအကျိုးပြုခဲ့ပုံများကိုလည်းထိန်ချန်ခဲ့ကြပြီးသူတို့ကပဲကမ္ဘာကြီးကိုထိန်း
သိမ်းနေတဲ့ပုံစံ ရေးခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ကြံစာတွေကို တန်ဖိုးဖြတ်ကြည့်မယ်ဆိုရင် အစ္စလာမ်ရဲ့ မှတ်ကျောက်ဖြစ်တဲ့ ကုရ်အာန်နဲ့ တမန်တော်မြတ်ရဲ့ သြဝါဒတွေကိုရည်ညွှန်း ကိုးကားထားတာမရှိဘူး။ ကိုကားချက်ရှိထားတာတွေကလည်း လွဲမှားစွာ ဘာသာပြန်ထားတဲ့ Half-truth လို့ခေါ်တဲ့ တစ်ဝက်မှန်
ဖေါ်ပြပြီး ကျန်တစ်ဝက်ကို အမှားတွေနဲ့ လိမ္မာကျွမ်းကျင်စွာ တန်ဆာဆင် ဖေါ်ပြကြပါတယ်။

အဲဒီစာပေတွေကိုသုံးသပ်ကြည့်ရင်ခရူးဆိတ်တစ္ဆေခြောက်ခံနေရတာကိုတွေ့ရပါတယ်။
အရင်တုံးကဆိုရင် မွတ်စလင်မ်တွေကို ခရစ်တော်ကို ဆန့်ကျင်သူများလို့ဆိုပြီး တိုက်ခိုက်ခဲ့
ကြပါတယ်။ ဒါပေမဲ့ အစ္စလာမ်မှာ ခရစ်တော်ကို လက်မခံရင် မွတ်စလင်မ် မဟုတ်ဘူးဆိုတာ
လူတွေ သိလာတော့ မွတ်စလင်မ်တွေကို အစွန်းရောက်တွေ၊ အယူသည်းသူတွေ၊
အကြမ်းဖက်သမားတွေ လို့ ပုဒ်မတတ်ကြပြန်ပါတယ်။ တကယ်တော့ ဒီစွပ်စွဲချက်တွေဟာ အစ္စလာမ့် သွန်သင်ချက်တွေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။

ဒီအပြင် ပါလက်စတိုင်းလို့ပြောလိုက်တာနဲ့ မွတ်စလင်လို့ပဲ မြင်ကြပါတယ်။ အရဗ်ဆိုလိုက်တာနဲ့
မွတ်စလင်မ်လို့မြင်ကြပါတယ်။ ဒါဟာလွဲမှားတဲ့အမြင်ပါ။ ပါလက်စတိုင်းထဲမှာခရစ်ယာန်တွေ
အများကြီးရှိပါတယ်။ အရဗ် ခရစ်ယာန်တွေလည်း အများကြီးရှိနေပါတယ်။ ဥပမာ-ကုလသမဂ္ဂ
အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဘူးထရိုစ်ဂါလီ (အီဂျစ်) နဲ့ အီရတ်သမ္မတဟောင်း
ဆက်ဒမ်ဟူစိန်ရဲ့ ညာလက်ရုံး တာရစ်အဇစ်တို့ဟာ ခရစ်ယာန်အရဗ်တွေပါ။ ဒါကြောင့်
အနောက်တိုင်း မီဒီယာမှာ ဖော်ပြနေတဲ့ အရှေ့အလယ်ပိုင်း ဒေသကအကြမ်းဖက်မှုဆိုတဲ့ ပြဿနာမှာ ခရစ်ယာန်တွေလုပ်လိုက်တဲ့ ပြဿနာတွေကိုတောင် မွတ်စလင်မ်တွေရဲ့ အကြမ်းဖက်မှူအဖြစ် မြင်နေကြပါတယ်။

အရဗ်ကမ္ဘာဘက်က ကြည့်တော့လည်း အရဗ်တွေဟာ တူရကီတို့ရဲ့ အော်တိုမန်အင်ပါယာ
(အစ္စလာမ်အင်ပါယာ) မှာ တစ်စုတည်းရှိနေရာက အဲဒီအချိန်မှာရှိတဲ့ ပြင်သစ်နဲ့ ဗြိတိသျှ
အစိုးရတွေက ခွဲထွက်ဖို့ အားပေးခဲ့ကြပါတယ်။
ဒါပေမဲ့ လက်တွေ့မှာအော်တိုမန်အင်ပါယာပြိုကွဲသွားပြီး အာရပ်နိုင်ငံများစွာ ပေါ်ထွက်လာတဲ့အခါ လွတ်လပ်ရေးမရတဲ့အပြင် ဥရောပနိုင်ငံတွေရဲ့ ကိုလိုနီ ကျွန်ဘဝ ရောက်ခဲ့ကြပြီး အနောက်တိုင်းသားတွေအပေါ် နာကျည်းခဲ့ကြပါတယ်။ ဒီအခါ ခရူးဆိတ် ဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာပြီး အနောက်တိုင်းသားဆိုတာနဲ့ ခရစ်ယာန်လို့ မြင်ကြတော့ပါတယ်။

ဒါပေမဲ့ အခုအခါမှာ အနောက်တိုင်းဆိုတာ ခရစ်ယန်ဘာသာတစ်ခုတည်း
ကိုယ်စားမပြုတော့ပါဘူး။ ဥရောပ၊ အမေရိကနဲ့ ကနေဒါမှာ မွတ်စလင်မ် အမြောက်အမြားရှိနေပါပြီ။ လူဖြူမွတ်စလင်မ်များစွာ ရှိနေပါပြီ။ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားဖြစ်တဲ့ အိုဗားမားဟာ အမေရိကန် သမ္မတတောင်ဖြစ် နေပါပြီ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါဟာ ခရစ်ယာန်-မွတ်စလင် ချစ်ကြည်ရေး ဆောင်ရွက်သွားခဲ့ပါတယ်။ အတိတ်ခေတ်မှာ ခရစ်ယန်တွေအနေနဲ့ မွစလင်မ်တွေအပေါ်
အမြင်မှားနေမှုတွေကိုလည်း ရှင်းလင်ပြသွားခဲ့ပါသေးတယ်။ အမှန်တရားကို လေ့လာသူတိုင်း အရှိတရားကို တွေ့ကြမှာဖြစ်ပါတယ်။

တမန်တော်ကြီး အိဗ်ရာဟိမ်ကို ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာကြိး
(၃) ခုစလုံးကယုံကြည်ပြီး အလေးအမြတ်ထားကြပါတယ်။ ဟိန္ဒူစာပေတွေမှာလည်း ဖေါ်ပြထားကြောင်း သုသေတနများအရ တွေ့ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Inter-faith ဘာသာပေါင်းစုံ ချစ်ကြည်ရေး လေ့လာမှုတွေမှာ Ibrahimi Faith အိဗ်ရာဟီမ် ဆိုင်ရာ ယုံကြည်ချက်ဆိုပြီး ခေါင်းစဉ်တရပ်အနေနဲ့ လေ့လာနေကြပြီ ဖြစ်ပါတယ်။

ဂျေရုစလင်မ် မြို့တော်မှာ ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာ
အားလုံးရဲ့ အထွဋ်အမြတ် ထားရာ သာသနာ့ အဆောက်အအုံနဲ့ အမွေအနှစ်တွေ ရှိနေပါတယ်။ ဂျေရုစလင် မြို့တော်ဟာ မွတ်စလင်မ်တွေ လက်အောက်မှာ ရှိနေတုံးက ဂျူးနဲ့ ခရစ်ယာန်တွေ ပျော်ရွှင်စွာနေခဲ့ကြရပါတယ်။ ဥရောပမှာ ဂျူးတွေရဲ့ ဘဝဟာ လုံခြုံမုမရှိခဲ့ကြပါဘူး။ ဂျာမဏီမှာဟစ်တလာကဂျူးများကိုရက်စက်စွာသုတ်သင်ခဲ့တယ်လို့ဆို ပါတယ်။ ဒါပေမဲ့ ဂျူးတွေဟာ အရဗ်တွေ အုပ်ချုပ်မှုအောက်မှာ ပျော်ရွှင်ငြိမ်းချမ်းစွာနေခဲ့ကြပါတယ်။ သူတို့ရဲ့ ဘာသာရေး ဇီယွန်ဝါဒ အရ ကယ်တင်ရှင်ကို မျှော်နေခဲ့ကြပါတယ်။ ထာဝရဘုရားသခင်ရဲ့ကတိတော်လာ နယ်မြေ ကိုအာဖရိကသို့မဟုတ် တောင်အမေရိကတစ်နေရာရာမှာထူထောင်ဖို့ စဉ်းစားခဲ့ကြပါတယ်။

ဒါပေမဲ့ ဥရောပက ဂျူးပြသနာရှင်းတဲ့ အနေနဲ့ နိုင်ငံကြီးတစ်ချို့က နိုင်ငံရေးဇီယွန်ဝါဒ
သစ်တစ်ရပ်ကို ဂျူးတို့အကြား သွတ်သွင်းပေးပြီး အရဗ်တွေလက်ထဲမှာ ရှိနေတဲ့ ဂျေရုစလင်မြို့ကို လုပြီး ကတိတော်လာ နယ်မြေအဖြစ် (၁၉၄၈) ခုနှစ်မှာ အစ္စရေးနိုင်ငံ ထူထောင်ပေးခဲ့ကြပါတယ်။ ဂျူးဘုန်းတော်ကြီး အချို့ ကလည်း နိုင်ငံရေး ဇီယွန်ဝါဒသစ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ အစ္စရေးဝန်ကြီးချုပ် ရာဘင် ဟာလည်း ဂျူးလူမျိုးအချင်းချင်း သတ်ခြင်းခံခဲ့ရပါတယ်။ ကမ္ဘာ့ကုလသမ္မဂ္ဂ
ကလည်း အစ္စရေးနဲ့ ပတ်သတ်ပြီး ကန့်ကွက်ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်များစွာ
ချမှတ်ခဲ့သော်လည်း လက်တွေ့မှာ အရာမထင်ပဲ ပါလတ်စတိုင်းတွေဟာ နိုင်ငံမဲ့ဘဝ ရောက်ခဲ့ကြရပါတယ်။ ဒီနေ့ဆိုရင် ပါလတ်စတိုင်းပြည်သူတွေရဲ့ ဘဝဟာ ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့ အဓိက ပြဿနာတစ်ရပ် ဖြစ်နေပါပြီ။

အိန္ဒိယမှာ တစ်ချိန်က မဂိုအင်ပါယာကြီးအဖြစ် မွတ်စလင်မ်များနဲ့ ဟိန္ဒူများ
သွေးစည်းညီညွတ်စွာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိသျှတို့က မဂို အင်ပါယာကို သိမ်းပြီး ကိုလိုနီကျွန်ဘဝသွတ်သွင်းခဲ့တဲ့အခါ မွတ်စလင်များ၊ ဟိန္ဒူများနှင့် ဆစ်ခ်လူမျိုးတို့ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အဲဒီအခါမှာ ကိုလိုနီနယ်ချဲ့ သွေးခွဲအုပ်ချုပ်ရေး စနစ်အရ ဘာသာတူအတွင်းမှာရော၊ ဘာသာခြားတွေအကြားမှာရော အောင်မြင်စွာသွေးခွဲနိုင်ခဲ့ကြပါတယ်။ အမြှော်အမြင်ရှိတဲ့ ဂန္ဒီ၊ နေရူး အစရှိတဲ့ ဟိန္ဒူခေါင်းဆောင်များ၊ ဂျင်နား၊ အိက်ဗာလ်နဲ့ အဗူလ်ကလမ် စတဲ့ မွတ်စလင်ခေါင်းဆောင်များက သွေးစည်းညီညွတ်စွာ ကြိုးပမ်းခဲ့လို့ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့ပေမယ့် အသိပညာမဲ့တဲ့နောက်လိုက်တွေ အကြားမှာ အကွဲအပြဲတွေ ပေါ်ခဲ့ရပါတယ်။ ဟိန္ဒူ-မွတ်စလင်မ်သွေးခွဲရေးစာပေများ (ဝါ) မွတ်စလင်မ် ဆန့်ကျင်
ရေးစာ ပေများ ပေါ်ထွက်ခဲ့ပါတယ်။ ဥပမာ အစ္စလာမ်နဲ့ တမန်တော်မြတ်ကို
ဆန့်ကျင်စော်ကားတဲ့ ရန်ဂီလား ရစူလ် (ရောင်စုံတမန်တော်) ဆိုတဲ့ စာအုပ် ပေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး ပြိုကွဲသွားခဲ့ရပါတယ်။

သွေးချောင်စီး ပဋိပက္ခတွေ ပေါ်ခဲ့ရပါတယ်။ အထူးသတိထားဖို့က (၁၉၈၀) လောက်ကစပြီး
အိန္ဒိယမှာ ပေါ်ခဲ့တ မွတ်စလင်မ် ဆန့်ကျင်ရေး လုပ်ကြံစာပေတွေဟာ
မြန်မာစာပေလောကသို့ဝင်လာပြီး တရား မဝင် ဖြန့်ချီလာတာ တွေ့ရပါတယ်။ ဥပမာ- "အမျိုးပျောက်မှာ စိုးကြောက်စရာ " ဆိုတဲု့လုပ်ကြံစာအုပ်မျိုးဖြစ်ပါတယ်။
ဗုဒ္ဓဘာသာနဲ့ မွတ်စလင် ပဋိပက္ခဖြစ်အောင် လှုံဆော်ပြီး တိုင်းပြည်ပြိုကွဲအောင် ဆောင်ရွက်ချက်အဖြစ် သတိထားကြဖို့ အသိပေးအပ်ပါတယ်။

စာအုပ်နဲ့ မီဒီယာတွေမှာဖေါ်ပြတာကိုမယုံကြဖို့နဲ့ သက်ဆိုင်သူများထံ မေးမြန်းကြဖို့
တိုက်တွန်းအပ်ပါတယ်။ ဖေဖေါ်ဝါရီ ငါးရက်နေ့က အမေရိကန် သမ္မတ အိုဘားမားက မိန့်ခွန်းပြောကြားရာမှာ လူသားဝါဒ ညီနောင် စိတ်ဓာတ်နှင့် ပတ်သတ်ပြီး
တမန်တော်မြတ် မိုဟာမတ် သခင်ရဲ့ ဩဝါဒတော် တစ်ရပ်ကို ဖေါ်ညွှန်းပြောကြားသွား ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလဲ အင်ဒိုနီးရှား ခရီးစဉ်မှာ အစ္စလာမ်နဲ့ ပူးပေါင်းဆောင်ရွက်လို့ရကြောင်း ဂုဏ်ပြုပြောကြားသွားခဲ့ပါတယ်။ ဒါကြောင့် အဖျက်သမားများကို သတိထားပြီး လူသားအကျိုး ဆောင်ရွက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

" အိုအမှန်တရားကို သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အကယ်၍ စာရိတ္တဖောက်ပြန်သူတစ်ဦး
သည် အသင်တို့ထံ သတင်းတစ်ရပ်ရပ်ကို ယူဆောင်လာခဲ့သော် မှန်မမှန် စစ်ဆေးကြကုန်လော့။ အသင်တို့မသိဘဲ လူ့အစုအဝေး တစ်ရပ်ကို အန္တရယ် မပြုမိစေရန် ဖြစ်သည်။ သို့မဟုတ်က မိမိတို့ပြုမိခဲ့သော ကိစ္စကြောင့် အသင်တို့ ကြေကွဲ ကြရလိမ့်မည်။" (ကုရ်အာန် ၄၉း၆)

အလ်ဟာဂ်ျ၊ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

**မြန်မာမွတ်စလင်(မ်)ကလပ် အားအထူးပဲကျေးဇူးတင်ပါတယ်။**

No comments: